Monday, July 8, 2019

အိုင်ဗရီကို့စ် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဗိုလ်စွဲ ခြောက်ကြိမ်မြောက် နိုင်ငံတကာရွှေတံဆိပ်ဆုရရှိခြင်းဖြစ်

 အိုင်ဗရီကို့စ်နိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာသည် မောရစ်သျှ၊ ပါကစ္စတန်၊ အီရန်နှင့် အိန္ဒိယကစားသမားတို့ကို ကျော်ဖြတ်၍ အနိုင်ရဗိုလ်စွဲခဲ့သည်။ ဇူလိုင် ၇ ရက်က ကျင်းပသည့် အဆိုပါ နိုင်ငံတကာ ကြက် တောင်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် သက် ထားသူဇာသည် ကမ္ဘာ့အဆင့် (၈၂)ရှိ အိန္ဒိယကစားသမား Sri Krishna Priya Kudaravalli ကို ( ၂၁-၁၈) ( ၂၁-၁၃) မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရကာ ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။


သက်ထားသူဇာသည် ယင်းပြိုင်ပွဲ ရှုံးထွက်အဆင့်၌ မောရစ်သျှ ကစားသမားကို နှစ်ပွဲ၊  တစ်ပွဲ၊ ကွာတားဖိုင်နယ်တွင် ပါကစ္စတန် ကစားသမားကို နှစ်ပွဲပြတ်၊ အကြိုဗိုလ်လုပွဲ၌ အီရန်ကစားသမားကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။

 အာဖရိက ကြက်တောင် အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ အိုင်ဗရီကို့စ် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲကို ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ သည်။

ပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ ကစားသမား ၅၀ ကျော် ပါဝင်ယှဉ် ပြိုင်ကာ သက်ထားသူဇာ ၀င်ပြိုင်သည့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အိမ်ရှင်အိုင်ဗရီကို့စ်၊ မောရစ်သျှ၊ ဆလိုဗက်ကီးယား၊ အိန္ဒိယ၊ အီရန်နှင့် ပါကစ္စတန်နိုင်ငံတို့မှ ကစားသမားများ ပါဝင်ခဲ့ သည်။ အသက်(၂၁)အရွယ် သက် ထားသူဇာသည် အီဂျစ်၊ ယူဂန်ဒါ၊ မောရစ်သျှ၊ ကင်ညာနှင့် ဘီနင် နိုင်ငံတကာပြိုင်ပွဲများ၌ ရွှေတံဆိပ် ငါးခုဆွတ်ခူးထားပြီးဖြစ်သည်။

No comments:

Post a Comment