Monday, July 8, 2019

ထူးခြားသည့် ဇူလိုင် ၆

ဇူလိုင် ၆ ရက်သည် မြန်မာနိုင်ငံအတွက် ပျော်ရွှင်စိတ်လှုပ်ရှားစရာများကို ပေးခဲ့သည့်ထူးခြားသည့်နေ့ဖြစ်သည်။  မြန်မာတို့၏ အသည်းနှလုံးရှေးဟောင်းမြို့တော်ပုဂံဒေသကိုအဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင်ကျင်းပလျက်ရှိသော ကမ္ဘာ့ကုလ သမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံအစည်းအ ဝေးတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁,၀၀၀ ခန့်ကတည်းက တည်ရှိခဲ့သော ကမ္ဘာ သိ မြန်မာ့အမွေအနှစ်သည် ယင်းနှင့်ထိုက်တန်သည့်နေရာဖြစ်သော ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ်သို့ပါ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။



ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ဖြစ်လာစေရန် ၂၀၁၄ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အစိုးရ အထူးသဖြင့်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအပါအ ၀င် ဆက်စပ်ဌာနများ၊ တိုင်းဒေသကြီးအစိုးရများ၊ ပြည်တွင်း၊ပြည်ပ မှ ပညာရှင်များ၊ စေတနာ့ဝန်ထမ်းတို့၏ ကြိုးပမ်းအားထုတ်မှုကိုချီးကျူးအသိအမှတ်ပြုပါသည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး အကောင်းဆုံးပြင်ဆင်ကြိုးပမ်းထားမှုကြောင့် ဇူလိုင် ၆ ရက်က ကျင်းပ သော ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံအစည်းအဝေးတွင် ICOMOS (နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ) နှင့် အမြဲတမ်းစာ ရင်းဝင် ၂၁ နိုင်ငံမှ ယူဂန်ဒါ၊ တရုတ်၊ နော်ဝေး၊စပိန်၊အင်ဒိုနီးရှား၊ စိန့်ကတ်စ်အန်နီးဗစ်နိုင်ငံတို့က ထောက်ခံဆွေးနွေးသည်။

ထို့နောက် ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့သည်။ ပုဂံဒေသကို စစ်အစိုးရလက်ထက် ၁၉၉၆ တွင် ယူနက်စကို စာရင်းဝင်ရန်ကြိုးပမ်းခဲ့ဖူးသော်လည်း ပယ်ချခံခဲ့ရသည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာသည့်အတွက် နိုင်ငံတကာမှပိုမိုသိရှိပြီး ကမ္ဘာတစ်ဝန်းမှ ခရီးသွားများကို ပိုမိုဆွဲဆောင်လာနိုင်မည်ဖြစ်သလို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ကမ္ဘာတည်သရွေ့ တည်တံ့နိုင်စေရန် နည်းပညာနှင့်ငွေကြေးအကူအညီများ ရရှိမည်ဖြစ်သည်။ ထို့အပြင်ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာများသည် ဂျီနီဗာသဘောတူညီမှုအရ စစ်မက်ဖြစ်ပွားခဲ့လျှင်ပင် ဖျက်ဆီးခြင်းမခံရစေရန်နှင့် အလွဲသုံးစားမပြုနိုင်အောင် တားမြစ်ထားလေသည်။ ကမ္ဘာတည်သရွေ့ ရှေးဟောင်းမြို့တော်ပုဂံဒေသတည် ရှိနေအောင် အရေးပါလှသောအောင်မြင်မှုဖြစ်၍ မြန်မာတိုင်း ၀မ်းမြောက်ဂုဏ်ယူနေကြပါသည်။ သို့သော် မြန်မာ့အသည်းနှလုံးကိုကောင်းသတင်းဖြင့် အမြဲဂုဏ်ယူနိုင်ရန်မှာ ရှေ့တွင်လည်းမြန်မာတိုင်းက ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်၏။

ဇူလိုင် ၆ ရက်နံနက်ခင်းတွင် မြန်မာနိုင်ငံ၏လူဦးရေအများဆုံး စီးပွားရေးမြို့တော်ရန်ကုန်မြို့ရှိ အင်းစိန်မြို့နယ်မှ လမ်းအချို့တွင် အဖြူ ရောင်လှိုင်းလုံးကြီးလွှမ်းမိုးခဲ့သည်။ အုပ်ချုပ်ရေးမြို့တော်နေပြည်တော် ရှိ Wisdom Hill မူကြိုကျောင်းတွင် သက်ငယ်မုဒိမ်းမှုကျူးလွန်ခံခဲ့ရ သည့် ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုကိုလိုလားသည့် ထောင် နှင့်ချီသည့် ပြည်သူများက အင်းစိန်မြို့ရှိ မှုခင်းရဲတပ်ဖွဲ့(CID)ရုံးရှေ့သို့ ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အဖြူ ရောင်အင်္ကျီများ ၀တ်ဆင်ထားကြသည့်ဆန္ဒထုတ်ဖော်သူများတွင် အလွှာပေါင်းစုံမှ ပြည်သူများပါဝင်ပြီး၊ တစ်ကြိမ်မျှဆန္ဒမပြဖူးသူများ လည်း ပါဝင်သည်။ ၎င်းတို့အားလုံးတူညီစွာတောင်းဆိုသည်မှာ ဗစ်တိုး ရီးယားအတွက် တရားမျှတမှုရှိစေရန်နှင့် နောက်ထပ်ဗစ်တိုးရီးယားများ မပေါ်ပေါက်စေရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

မကြာခဏပေါ်ပေါက်နေသည့် ခေါင်းစဉ်မျိုးစုံဖြင့် ဆန္ဒပြပွဲများတွင်  လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းအချို့က စေခိုင်း၍၊ စည်းရုံး၍၊ အခကြေးငွေ ပေး၍ ဆန္ဒပြနေသူများရှိနေချိန်တွင် ဗစ်တိုးရီးယားအတွက် အမှန်တရား တောင်းဆိုသောဆန္ဒပြပွဲမှာ နိုင်ငံ့အနာဂတ်ကလေးများအတွက် မိမိ၏ ပင်ကိုအသိစိတ်ဓာတ်ဖြင့် လမ်းမပေါ်သို့ ထွက်လာကြသူများသာဖြစ်နေ ခြင်းက အခြားဆန္ဒပြပွဲများနှင့်မတူဘဲ တစ်မူထူးခြားနေသည်။ ခြေ လှမ်းပေါင်း ၅,၆၀၀ ကျော်လျှောက်လှမ်း၍ စည်းကမ်းရှိပြီး စည်းလုံးစွာ ဆန္ဒထုတ်ဖော်မှုက မြင်ရသူအပေါင်းကို စိတ်လှုပ်ရှားစေပြီးကြက်သီးမွေး ညှင်းများပင် ထလာစေပါသည်။ ပြည်သူများ၏ ဆန္ဒအစစ်အမှန်ကို ဖော် ထုတ်ပြသခြင်းဖြစ်၍ အစိုးရတာဝန်ရှိသူများက ၎င်းတို့၏တောင်းဆိုမှု များကို အလေးအနက်ထားဆောင်ရွက်ပေးရန်လိုပါသည်။ သတင်းကောင်းနည်းသည့်မြန်မာနိုင်ငံတွင် ဇူလိုင် ၆ ရက်ကဲ့သို့ နေ့များ များစွာလိုအပ်နေပါသည်။

No comments:

Post a Comment