Monday, July 8, 2019

တပ်မတော်ဖမ်းလာသည့် တရားမဝင် ပယင်းတူးသူ ၆၈ ဦးကို ပညာပေးပြီးပြန်လွှတ်

ကချင်ပြည်နယ် တနိုင်း မြို့နယ်အတွင်း တရားမဝင် ပယင်းတူးဖော်သူ ၆၈ ဦးကို တပ် မတော်စစ်ကြောင်းက ဖမ်းဆီးပြီး တနိုင်းမြို့နယ် ရဲတပ်ဖွဲ့သို့ အပ်နှံ ခဲ့ရာ ပညာပေးပြီး ပြန်လွှတ်ခဲ့ သည်။ လုံခြုံရေး ဆောင်ရွက်နေ သည့် တပ်မတော်စစ်ကြောင်း သည် ဇူလိုင် ၄ ရက်တွင် မိုင်ခွန်ရွာနှင့် လေးမိုင်ခန့်အကွာ၌ တရားမဝင် ပယင်းတူးဖော်နေသည့် အမျိုးသား ၅၈ ဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၆၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများကို တနိုင်းမြို့မရဲစခန်းက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နေကြောင်း တပ်မ တော်က ဇူလိုင် ၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။


ယင်းနှင့် ပတ်သက်ပြီး တနိုင်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ‘‘မရှိတော့ဘူးဗျ။ ပြန်လွှတ်လိုက်ပြီ။ ပညာပေးပြီး ပြန်လွှတ်လိုက် တာ’’ဟု ဇူလိုင် ၇ ရက်တွင် ပြော သည်။

ယခုကဲ့သို့ တရားမဝင် ပယင်းတူးဖော်သူအများအပြား ကို တပ်မတော်ကဖမ်းဆီးပြီး ရဲစခန်းသို့ လာရောက်ပို့ဆောင် သည့် ဖြစ်စဉ်မျိုး ယခင်ကမကြုံဖူးဟု ၎င်းကဆိုသည်။

တနိုင်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းကလည်း ‘‘သူတို့(တပ်မတော်) က ဖမ်းလာပြီးတော့ မိန်းကလေး ၁၃ ယောက်အပါအဝင် ၁၀၀ နီးပါးကို ရဲစခန်းလာအပ်တယ်။ အပ်တော့ သက်သေခံ ပယင်းလည်းမပါဘူး။ အဲဒါ သူတို့ (ရဲတပ် ဖွဲ့)ကနေ လက်မခံလိုက်ဘူး။ ပြီးတော့ လူဦးရေကလည်း အများကြီးဆိုတော့ အချုပ်ခန်းမဆံ့ဘူး ပေါ့။ ဥပဒေကြောင်းအရလည်း သက်သေမပါတဲ့အတွက် အမှုဖွင့်တာ လက်မခံလိုက်ဘူး။ အမျိုးသားတွေကိုတော့ ခေါ်လာတဲ့တပ်က သူတို့ဆီမှာ တစ်ညသိပ်လိုက် တယ်။ အမျိုးသမီးတွေကိုတော့ ရဲစခန်းမှာ တစ်ညသိပ်လိုက် တယ်။ နောက်ရက်ကျတော့ မြို့ တော်ခန်းမမှာ ထွေအုပ်ဦးဆောင် ပြီးတော့ နည်းနည်းပါးပါး ဥပဒေ ကြောင်းအရ ပြောဟောပြီး ပြန် လွှတ်ပေးလိုက်တယ်ဗျ’’ဟု ပြော သည်။

တပ်မတော်က ခေါ်ဆောင်လာသူ အများစုသည် ဒေသခံများ ဖြစ်ပြီး ပယင်းမှော်တွင် အခြားဒေသအသီးသီးမှ လာရောက်လုပ် ကိုင်သူများရှိကြောင်း၊ ပယင်းလုပ် ကွက်များရှိရာ နယ်မြေသည် တပ်မတော်က နယ်မြေစိုးမိုးမှု  ယူထားခြင်းဖြစ်ကြောင်း၊ ယင်း ဒေသတွင် လက်လုပ်လက်စား များ တရားဝင်လုပ်ကိုင်ခွင့်ရရှိရေး နှင့် အခွန်ဘဏ္ဍာရရှိရေး ရည်ရွယ် ကာ အစိုးရနှင့် လွှတ်တော်က ကြိုး ပမ်းနေကြောင်း ဦးဇော်ဝင်းက ပြောသည်။

ပြည်နယ်အဆင့် အသေးစား နှင့် လက်လုပ်လက်စားဆိုင်ရာ ဥပဒေမူကြမ်းရရှိရေး ဆောင်ရွက်နေကြောင်း၊ ယင်းသို့ ဥပဒေ မထွက်မီ ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်ဖြင့် ဧက ၇,၀၀၀ ခန့်ကို လက်လုပ်လက်စားများအ တွက် လုပ်ကွက်ချပေးရန် စီစဉ် နေကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တနိုင်းဒေသရှိ ပယင်းထွက်ရှိရာနေရာများသည် ယခင်က ကချင်လက်နက်ကိုင် အဖွဲ့ (KIA)လှုပ်ရှားရာ ဒေသများ၌ရှိခဲ့ပြီး ၂၀၁၇ ဇွန်လကစ၍ ယင်း နယ်မြေတွင် တပ်မတော်နှင့် KIA တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ တနိုင်းမြို့နယ်အတွင်း ထန်း  ပလား၊ ဝမ်းပလား၊ အောင်လွတ်၊ တုံမဏီ၊ ချောင်းဆုံ၊ နန်ဖြူ၊ ဂျာအောင်ဘာ၊ ဇီးဖြူကုန်း၊ ညောင်ပင်ကုန်းနှင့် နမ့်ကွမ်း စသည့်တရားမဝင်ရွှေနှင့် ပယင်းမှော်များတည်ရှိပြီး   တိုက်ပွဲဖြစ်ပွားစဉ်အတွင်း  မှော်လုပ်သားအများအပြား  ထွက်ပြေးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ဝင်ရောက် တူးဖော်မှုများရှိနေသည်ဟု ဒေသခံ အချို့က ပြောသည်။

No comments:

Post a Comment