Monday, July 8, 2019

ဆီးရီးယားတွင် ရုရှားညွန့်ပေါင်းအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၄၀ ကျော် သေဆုံး

ဆီးရီးယားသူပုန်တွေ ထိန်းချုပ်ထားတဲ့ နောက်ဆုံးလက်ကျန်နယ်မြေမှာ လွန်ခဲ့တဲ့ နှစ်လကတည်းက ရုရှားဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား အယောက် ၅၄၀ ကျော် သေဆုံးပြီး နှစ်ထောင်ကျော် ဒဏ်ရာရခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ကယ်ဆယ်ရေးသမားတွေက ဇူလိုင် ၆ ရက်နေ့မှာ ပြောပါတယ်။ ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက် လတ်တာမီဟ်ကျေးလက်ဒေသမှာ ရုရှားဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မီးခိုးငွေ့တွေ အလိပ်လိုက်ထွက်လာတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဇူလိုင် ၇ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။


ဧပြီ ၂၆ ရက်နေ့က ဆီးရီးယား အစိုးရတပ်ဖွဲ့တွေနဲ့ ရုရှားစစ်လေယာဉ်တွေဟာ သူပုန်တွေ အခြေစိုက်တဲ့ အီဒလစ်ပြည်နယ်နဲ့ ဟာမားပြည်နယ် မြောက်ပိုင်းက ဒေသတွေကို အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ပါတယ်။

ရုရှားစစ်လေယာဉ်တွေနဲ့ ဆီးရီးယားစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေအတွင်း ကလေးငယ် အယောက် ၁၃၀ အပါအဝင် အရပ်သား ၅၄၄ ယောက် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားကွန်ရက် (SNHR) က ပြောခဲ့ပါတယ်။

ဒါပေမယ့် ရုရှားရဲ့ ဆီးရီးယားစစ်တပ်ကတော့ သူတို့အနေနဲ့ အရပ်ဘက်ဧရိယာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် နောက်ထပ် ဒေသခံ သုံးသိန်းကျော်ဟာ ဘေးကင်းလုံခြုံတဲ့ တူရကီနဲ့ နယ်စပ်ဒေသနားကို ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

No comments:

Post a Comment