Monday, July 8, 2019

လာမည့် ၁၀ ရက်အတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ သီးခြားတွေ့ဆုံမည်

အစိုးရဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP) ကိုယ်စားလှယ် အဖွဲ့များ လာမည့် ၁၀ ရက်အတွင်း သီးခြားစီတွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အစိုးရဆွေးနွေးရေး ကိုယ်စားလှယ် များက ပြောသည်။ အစိုးရ ကိုယ်စားလှယ်အဖွဲ့ နှင့် KNU ကိုယ်စားလှယ်အဖွဲ့ တို့၏ အလွတ်သဘော ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ လာမည့်တစ်ပတ် အတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ပြော သည်။



ထို့ပြင် ဇူလိုင် ၁၁ ရက်တွင် RCSS  နှင့်လည်းကောင်း၊ ဇူလိုင်၁၇ ရက်တွင် KNPP နှင့်လည်းကောင်း နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟု ၎င်းက ဆိုသည်။

‘‘အခု RCSS နဲ့ KNU က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နိုင်ငံရေးဆွေးနွေးပွဲနဲ့ JMC (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ)ကိုဆိုင်းငံ့ထားတာကိုး။ ဆိုင်းငံ့ထားတာ တွေကနေပြီးမှ တရားဝင်ဆွေးနွေးပွဲတွေ အမြန်ဆုံးလုပ်နိုင်ဖို့အတွက် ဆွေးနွေးတာပေါ့။ KNPP ကတော့ NCA လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားပြီး ညှိနေတယ်’’ဟု ဦးလှမောင်ရွှေက ပြောသည်။

NCA လက်မှတ်ထိုးထား သည့် RCSS သည် ဇူလိုင် ၁၁ ရက်တွင် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) နှင့် တွေ့ဆုံကာ ဇူလိုင် ၁၂ ရက်တွင် တပ်မတော်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇူလိုင် ၅ ရက်တွင် ပြောကြားထားသည်။ ထို့ပြင် KNPP အနေဖြင့်လည်း  ဇူလိုင် ၁၇ ရက်တွင် NRPC နှင့်လည်းကောင်း၊ ဇူလိုင် ၁၈ ရက်တွင် တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့်လည်းကောင်း တွေ့ဆုံမည်ဟု ၎င်းက ဆိုသည်။

NCA မထိုးရသေးသည့် ကချင်အဖွဲ့(KIO)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA) မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နှင့် ဇူလိုင်လကုန်တွင် တွေ့ဆုံ ကာ Bilateral အပစ်ရပ်စာချုပ်ရရှိရေး ဆွေးနွေးရန် အဆိုပြုထားကြောင်း ဦးဇော်ဌေးက   ပြောသည်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့သည် ဇွန်လ ၃၀ ရက်က မိုင်းလား၌ အလွတ်သဘောတွေ့ဆုံရာ အစိုးရက အဆိုပြုသည့် အပစ်ရပ်စာချုပ်မူကြမ်းကို မြောက်ပိုင်းလေးဖွဲ့ထံ ပေးအပ်ခဲ့သည်။

‘‘ပေးပို့ထားတဲ့အပေါ်မှာ သူတို့ထဲမှာ ပြန်ပြီးတော့ ဒီလေးဖွဲ့က ပြန်ပြီးသုံးသပ်မှာ ဖြစ်ပါတယ်။အစောဆုံးအားဖြင့် ဇူလိုင် ၁၄ရက်၊ ၁၅ရက်မှာ ပြန်ပြီးအကြောင်းပြန်ဖို့၊ နောက်အကျဆုံး ဇူလိုင်လကုန်မှာ နောက်ထပ်တွေ့ဖို့  နေရာ၊ ရက်စွဲတွေ ပြန်ကြားပေးဖို့ ကျွန်တော်တို့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်’’ ဟု ဦးဇော်ဌေးက ပြော သည်။ အစိုးရနှင့် မြောက်ပိုင်းလေး ဖွဲ့ တစ်ဖွဲ့ချင်းစီအကြား Bilateral အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းရန် ဧပြီ ၃၀ ရက်က မူဆယ်၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် သဘောတူခဲ့ရာ ထိုစဉ်က မြောက်ပိုင်းလေးဖွဲ့က အပစ်ရပ်စာချုပ် မူကြမ်းများကို အစိုးရထံ အဆိုပြုပေးအပ်ကာ ဇွန်လ ၃၀ ရက်တွင် အစိုးရက အဆိုပြုမူကြမ်း ပြန်လည်ပေးအပ်ခြင်းဖြစ်သည်။

No comments:

Post a Comment