Monday, July 8, 2019

အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒိုဟာတွင် နှစ်ရက်ကြာကျင်းပ

၁၈ နှစ်ကြာ အာဖဂန်စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမှုအဖြစ် အမေရိကန်နှင့် သူပုန်အဖွဲ့များအကြား ဆွေးနွေးပွဲများ သီးခြားပြုလုပ်နေကြစဉ် အာဖဂန်အတိုက်အခံများအပါအဝင် သြဇာကြီးအာဖဂန် ကိုယ်စားလှယ်များစွာသည် ဒိုဟာမြို့၌ ဇူလိုင် ၇ ရက်တွင် စတင်ကျင်းပသော နှစ်ရက်ကြာ အာဖဂန်ထိပ်သီးတွင် တာလီဘန်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့များကို စတင်ရုပ်သိမ်းခွင့်ပြုရေးအတွက် စက်တင်ဘာလတွင် ကျင်းပရန်သတ်မှတ်ထားသော အာဖဂန်သမ္မတရွေးကောက်ပွဲ မတိုင်မီ တာလီဘန်အဖွဲ့နှင့် နိုင်ငံရေးသဘောတူညီချက်တစ်ခု ရရှိရန် လိုလားကြောင်း ဝါရှင်တန်က ပြောကြားထားသည်။


အမေရိကန်နှင့် တာလီဘန်အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ သတ္တမအကျော့ကို ကာတာနိုင်ငံတွင် ကျင်းပနေဆဲဖြစ်ပြီး ထိုခြောက်ရက်တာဆွေးနွေးပွဲများသည် တာလီဘန်နှင့် အမေရိကန်အကြား ယခင်ကကျင်းပ ပြီးစီးခဲ့သည့် ဆွေးနွေးပွဲများထက် အကျိုးအဖြစ်ထွန်းဆုံး ဆွေးနွေးပွဲများဖြစ်ကြောင်း အမေရိကန်သံတမန် ဇယ်မေခါလီဇက်က ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။ အာဖဂန်ဆွေးနွေးပွဲ နှစ်ရက်ကြာကျင်းပနေစဉ်အတွင်း အမေရိကန်နှင့်တာလီဘန်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သတ္တမအကျော့ကို ဆိုင်းငံ့ထားပြီး ဇူလိုင် ၉ ရက်တွင်မှ ထို ဆွေးနွေးပွဲကို ဆက်လက်လုပ်ဆောင်မည် ဖြစ်သည်။

“ဆွေးနွေးပွဲတွေမှာ အဓိကအားဖြင့် ကျွန်တော်တို့ အလေးပေးဆွေးနွေးခဲ့ကြတဲ့ အချက်လေးချက်ရှိပါတယ်။ အဲ့ဒါတွေက အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ အာဖဂန်မှာရှိတဲ့ နိုင်ငံခြားတပ်ဖွဲ့တွေကို ရုပ်သိမ်းပေးဖို့ကိစ္စ၊ အာဖဂန်အရေး ညှိနှိုင်းဆွေးနွေးပွဲများနဲ့ အပြန်အလှန် ဆွေးနွေးပွဲ ကျင်းပရေးကိစ္စ၊ ပြီးတော့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေပါ” ဟု ခါလီဇက်က ပြောကြားခဲ့သည်။

ဇူလိုင် ၇ ရက်တွင် စတင်ကျင်းပခဲ့သော အာဖဂန်ပြည်တွင်းရေး ဆွေးနွေးပွဲများသို့ နိုင်ငံရေးသမားများ၊ အမျိုးသမီးများနှင့် အခြားသောအာဖဂန်စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ကိုယ်စားလှယ် ၆၀ နီးပါး တက်ရောက်သည်ဟု ခန့်မှန်းထားသည်။ ကာတာနိုင်ငံနှင့် ဂျာမနီနိုင်ငံက စီစဉ်ပေးခဲ့သည့် အဆိုပါအာဖဂန်ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံက တိုက်ရိုက်ပါဝင်လိမ့်မည်မဟုတ်ပေ။

အာဖဂန်သမ္မတအာရှက်ဖ်ဂါနီအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးခြင်းမပြုဟု စွဲစွဲမြဲမြဲ ငြင်းချက်ထုတ်နေခဲ့သည့် တာလီဘန်အဖွဲ့က အာဖဂန်ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်သူများအနေဖြင့် ဆွေးနွေးပွဲအတွင်း စည်းစည်းလုံးလုံး ဆွေးနွေးအဖြေရှာခြင်းမျိုး မဟုတ်ဘဲ တစ်ဦးတစ်ယောက်ချင်းဆီက  စိတ်ထင်သလို လုပ်ဆောင်ကြမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ဇူလိုင် ၇ ရက် အာဖဂန်ထိပ်သီးဆွေးနွေးပွဲသည် ဖေဖော်ဝါရီနှင့် မေတွင် မော်စကို၌ အလားတူ ထိပ်သီးဆွေးနွေးပွဲမျိုး ကျင်းပခဲ့ပြီးနောက်ပိုင်း ပြုလုပ်သည့် တတိယမြောက် ထိပ်သီးလည်းဖြစ်သည်။ တာလီဘန်အဖွဲ့နှင့် ရရှိလာမည့် သဘောတူညီချက်ထဲတွင် အဓိကအချက်နှစ်ချက်ပါဝင်မည်ဟု ခန့်မှန်းရပြီး ယင်းတို့မှာ အမေရိကန်တပ်များ အာဖဂန်မှ ဆုတ်ခွာရေးနှင့် စစ်သွေးကြွများအနေဖြင့် အကြမ်းဖက်သမားများအတွက် အာဖဂန်နိုင်ငံတွင်း၌ စစ်စခန်းများထောက်ပံ့ပေးခြင်း မပြုလုပ်ရေးတို့ဖြစ်သည်။ ထို့ပြင် အမေရိကန်သည် အာဖဂန်အစိုးရအဖွဲ့နှင့် တာလီဘန်အကြား ဆွေးနွေးပွဲများ လမ်းပွင့်လာစေရန် အပြင်းအထန် ကြိုးပမ်းမည့်ပုံစံရှိနေသည်။

No comments:

Post a Comment