Monday, July 8, 2019

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) နယ်မြေအတွင်း မူးယစ်ဆေးဝါးကင်းစင်ကြောင်း NDAA အဖွဲ့ အကြီးအကဲအချို့ အာမခံ

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) နယ်မြေအဖြစ် သတ်မှတ်ထားသည့် မိုင်းလား၊ ဆီလူးနှင့် နမ့်ပန်းဒေသတို့တွင် မူးယစ်ဆေးဝါး လုံးဝကင်းစင်ကြောင်း အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့  (NDAA) ၏ အကြီးအကဲအချို့က အာမခံပြောကြားသည်။ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အထူးဒေသ (၄) နယ်မြေအတွင်း အချိန်မရွေး လာရောက်ကြည့်ရှုနိုင်ပြီး မူးယစ်ဆေးဝါးတွေ့ရှိခဲ့ပါက မိမိ လည်ပင်း အဖြတ်ခံနိုင်သည်အထိ အာမခံကြောင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) သတင်းပြန်ကြားရေးဌာနကြီးမှူး ဦးခမ်းမောင်က ဆိုသည်။



“တကယ်ဟုတ်တယ် မဟုတ်ဘူး ဆိုတာကို အချိန်မရွေး နေ့ရောညရော လာကြည့်လို့ရတယ်။ လူနဲ့ သွားမကြည့်နိုင်ရင် ဟတ်စကီးနဲ့ လာကြည့်။ ကျွန်တော်တို့ အထူးဒေသ (၄) ဧရိယာကို လှည့်ပတ်ပြီး တော့ကြည့်ချင်တယ်ဆို ကျွန်တော်တို့က အားလုံးပြရဲတယ်။ အဲဒီမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ရှိတယ်ဆို ကျွန်တော့်ကို လည်ပင်းဖြတ်ပြီးတော့ ပစ်ချလိုက်လည်း ရတယ်” ဟု ဦးခမ်းမောင်က ပြောကြားသည်။ 

အထူးဒေသ(၄) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအတွင်း ပါဝင်သည့် ဆီလူးဒေသတွင်လည်း ဘိန်းအစားထိုး သီးနှံစိုက်ပျိုးသည့် ဧကပေါင်း တစ်သောင်းကျော်ရှိပြီး စပါး၊ ကြံ၊ ရော်ဘာနှင့် ငှက်ပျောပင်များ အဓိကထား၍စိုက်ပျိုးနေကြောင်း ဆီလူးဒေသအုပ်ချုပ်ရေးမှူး ဦးစိုင်းစံက ပြောကြားသည်။

“ဘိန်းအစားထိုး သီးနှံစိုက်ပျိုးတာ ဧက ၁၀ဝ၀ဝ လောက်ရှိတယ်။ အဓိက စိုက်ပျိုးတာတော့ကြံပဲ။ ရော်ဘာတို့၊ ငှက်ပျောတို့လည်း စိုက်တယ်။ တရုတ်ကိုပို့တာ အဓိကကကြံပဲ။ ကြံကတော့ တော်တော်ရတယ်။ တစ်နှစ်ကို တရုတ်ငွေနဲ့တွက်ရင် သောင်းပေါင်း လေးထောင်ကျော်လောက် ဝင်တယ်”  ဟု ဦးစိုင်းစံက ဆိုသည်။

အထူးဒေသ (၄) နယ်မြေအတွင်း ၁၉၉၂ ခုနှစ်တွင် ဒေသအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မစိုက်ပျိုးရ၊ မထုတ်လုပ်ရ၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုရ၊ မသယ်ဆောင်ရနှင့် မသုံးစွဲရဆိုသည့် မူငါးရပ် ပါဝင်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခြောက်နှစ်စီမံကိန်းကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရထံ အစီရင်ခံစာ တင်ပြခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ်တွင် ဒေသတစ်ခုလုံး၌ ဘိန်းစိုက်ပျိုးမှုကို အပြီးအပြတ် ခုတ်ထွင်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ယင်းသို့  လုပ်ဆောင်နိုင်ခဲ့သည့်အတွက် နိုင်ငံတကာလူမှုအဖွဲ့ အစည်း အသီးသီး၏ အသိအမှတ်ပြု မှုကို ရရှိခဲ့သည့်အပြင် အထူးသဖြင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးကော်မတီ၏ ဂုဏ်ပြုချီးမွမ်း မှုကိုရရှိခဲ့ကြောင်း အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ  ဒုတိယဥက္ကဋ္ဌဌ ဦးစန်ပေ့က ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၂၆ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပရာတွင် ဒုတိယဥက္ကဋ္ဌဌ ဦးစန်ပေ့က အမှာစကားပြော ကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အခမ်းအနား၌ ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၂၀၆၀ (တစ်သောင်းနှစ်ထောင်ခြောက်ဆယ်) ခန့်ရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းအခမ်းအနားတွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါး အမျိုးအစားစုစုပေါင်း တစ်ထောင်ကီလိုဂရမ်ပါရှိပြီး ゞင်းတို့အနက်  Ice ၆၂၇ ဒသမ ၂ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၅၈ ဒသမ ၅ ကီလိုဂရမ်၊ ဘိန်းမည်း ၁၀ ကီလိုဂရမ်၊ ခါခူး ၄ ဒသမ ၃ ကီလိုဂရမ်နှင့် ခရစ္စတယ် ကီလိုဂရမ် ၂၀ဝ အပါအဝင် ဓာတုဆေးဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ကုန်ကြမ်း ၅၉၅၀ ကီလိုဂရမ် ပါဝင်ကြောင်း သိရသည်။

ထိုသို့ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများဖြစ်သော Ice ၊ ဘိန်းဖြူ၊ ဘိန်းမည်း၊ ခါခူး၊ ခရစ္စတယ်တို့၏ ကာလတန်ဖိုးမှာ ကျပ်သန်း ပေါင်း ၁၂၀ဝ၀ ခန့်ရှိပြီး ဓာတုဆေးဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ကုန်ကြမ်းများ၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၆၀ဝ ခန့်ရှိသည့် အတွက် စုစုပေါင်း ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၂၀၆၀ ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အထူးဒေသ (၄) အနေဖြင့် တရုတ်နိုင်ငံ စစ်ဆောင်ပန်းနား ပြည်နယ်ခွဲ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနနှင့် နိုင်ငံတကာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းပိုင်း၌ အတူတကွ ပူးပေါင်းဆောင်ရွက်ရာတွင် အသိအမှတ်ပြုခံခဲ့ရသည့်အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ ပညာပေးပို့ချခြင်းများ၊ သတင်းအချက်အလက် အပြန်အလှန် ဖလှယ်ခြင်းများ၊ မူးယစ်ရာဇာများ ဖမ်းဆီးဖော်ထုတ်ရေးတို့ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) က ပြောကြားထားသည်။     

No comments:

Post a Comment