Monday, July 8, 2019

ရွှေ့ပြောင်းသူများအား ဟန့်တားရန် မက္ကဆီကို အမျိုးသားလုံခြုံရေးအစောင့်တပ် နယ်စပ်တွင် ကင်းလှည့်

မက္ကဆီကိုသမ္မတ လိုပက်ဇ် အိုဘရာဒိုက နိုင်ငံတွင်း လူသတ်မှုတွေ၊ ရာဇဝတ်မှုတွေ လျှော့ချရေး တာဝန်ပေးဖို့ အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားလုံခြုံရေး အစောင့်တပ်ဖွဲ့ဟာ လက်ရှိမှာတော့ နေရပ်ရွှေ့ပြောင်းသူတွေကို ဟန့်တားဖို့ နယ်စပ်မှာ ကင်းလှည့်နေကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ မက္ကဆီကို နယ်စပ်ကနေ တဆင့် အမေရိကန်နိုင်ငံထဲကို ရောက်ဖို့ ဦးတည် ခရီးနှင်လာတဲ့ ဗဟိုအမေရိက နေရပ်ရွှေ့ပြောင်းသူတွေကို မက္ကဆီကိုက ကြားဖြတ်ဟန့်တားပေးနိုင်မယ်ဆိုရင် အခွန်စည်းကြပ်တာတွေ ဖြေလျှော့ပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သဘောတူထားပါတယ်။


ဒါ့ကြောင့် လက်ရှိမှာ မက္ကဆီကို မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်စပ်တွေမှာ အမျိုးသား အစောင့်တပ်ဖွဲ့ဝင် နှစ်သောင်းတထောင်ကို နေရာချထားပါတယ်။

အမျိုးသားအစောင့်တပ်ဖွဲ့ဝင် အရေအတွက် စုစုပေါင်းရဲ့ သုံးပုံတပုံနီးပါးကို ဒုက္ခသည်ကိစ္စအတွက် တာဝန်ချထားတာကြောင့် ပြည်တွင်းပဋိပက္ခတွေ တိုးမြင့်လာတာကို ကိုင်တွယ်ဖြေရှင်းရေးမှာ လုံခြုံရေးတပ်ဖွဲ့ဝင် အရေအတွက် လျော့နည်းသွားပါတယ်။

၂၀၁၈ ခုနှစ်က မက္ကဆီကိုနိုင်ငံတွင်း ရာဇဝတ်မှုတွေ၊ ပဋိပက္ခတွေကြောင့် လူ့အသက်ပေါင်း သုံးသောင်းသုံးထောင်ကျော် စံချိန်တင် ဆုံးရှုံးခဲ့ရပြီး အဲဒီပြဿနာဟာ မက္ကဆီကိုအတွက် ဖိအားအများဆုံး ကိစ္စတွေထဲက တခုလည်း ဖြစ်ပါတယ်။

လိုပက်ဇ် အိုဘရာဒို သမ္မတရာထူး စတင်ထမ်းဆောင်တဲ့ ၂၀၁၈ ဒီဇင်ဘာလကစပြီး ပထမဆုံး ခြောက်လအတွင်းမှာ ရာဇဝတ်မှုတွေ၊ ပဋိပက္ခတွေကြောင့် လူသေမှုနှုန်း ဆက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။

No comments:

Post a Comment