Monday, July 8, 2019

ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းရှိဟိုတယ်များ ဖယ်ရှားပေးရမည်မဟုတ်ဟုဆို

 ရှေးဟောင်းမြို့တော် ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သွားသော်လည်း ယဉ်ကျေးမှုအမွေအနှစ် နယ်မြေအတွင်းရှိ ဟိုတယ်များနှင့် ဆောက်လက်စဟိုတယ်များ ဖယ်ရှားပေးရမည် မဟုတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။ ထို့အပြင် ပုဂံဒေသခံများ အဆင်ပြေစေရေး Home Stay (ဧည့်နေထိုင်ခွင့်) ခွင့်ပြုပေးမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောသည်။



ဇွန်လ ၂၉ ရက်က 7Day Daily သတင်းစာနှင့် တွေ့ဆုံစဉ် ဝန်ကြီးသူရ ဦးအောင်ကိုက ပုဂံဒေသရှိ ဟိုတယ်များနှင့်ပတ်သက်၍ အထက်ပါအတိုင်း ပြောကြားသည်။

‘‘ပုဂံမှာ ယူနက်စကိုရဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီရဲ့လား။ နောက်ထပ်ဆက်လုပ်ရမယ့် အရာတွေနဲ့၊ လုပ်ငန်းစဉ် တွေနဲ့ ကမ္ဘာ့အမွေအနှစ် ဖြစ်ပြီးတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံက ကတိပေးရပါတယ်။

ကတိလည်းပေးပြီးပါပြီ။ အဲဒီတော့တည်ရှိပြီးသား၊  ဆောက်ပြီးသား ဟိုတယ်တွေနဲ့ ဆောက်လက်စပေါ့။ ဆောက်ပြီးသားနဲ့ ဆောက်လက်စ ဟိုတယ်တွေကိုတော့ ဆက်လက်ပြီးတော့ တည်ရှိပေးမှာဖြစ်ပါတယ်။ နောင်အသစ်အသစ် တိုးချဲ့သွားမယ့် ဟိုတယ်တွေအနေနဲ့လည်း တည်းခိုခန်းတွေရော သက်သက်ပေါ့လေ။ဟိုတယ်ဇုန်အတွင်းမှာပဲ သတ်မှတ်ပေးရမှာဖြစ်ပါတယ်’’ဟု ဝန်ကြီးသူရ ဦးအောင်ကိုက ပြောသည်။

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီး နောက်တစ်ရက် တွင် ပုဂံဘုရားများ၌ ဈေးရောင်းချနေသော ဒေသခံများက ၎င်းတို့ဆိုင်ခန်းနေရာများ ဖယ်ရှားပေးရမည်ဟုဆို၍ စိုးရိမ်မှုများ ရှိနေသည်။

ပုဂံဒေသရှိ ဟိုတယ်များနှင့်ဘုရားများ၌ ဈေးရောင်းချနေ သော ဒေသခံများ စိုးရိမ်နေမှုနှင့် ပတ်သက်ပြီး  အဇာဘိုင်ဂျန်နိုင်ငံ၌ ယူနက်စကို အစည်းအဝေး တက်ရောက်နေသော မြန်မာကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သို့ 7Day Daily သတင်းစာကယမန်နေ့တွင် ဆက်သွယ်မေးမြန်း ရာ  မစိုးရိမ်ကြရန် ပြောသည်။

‘‘ဈေးရောင်းချသူတွေ မပါပါဘူး။ သတင်းအမှားတွေထွက် ပြီး စိုးရိမ်နေတာ။ ယဉ်ကျေးမှုအမွေကို ထိခိုက်တဲ့ ဟိုတယ်တွေသာပါ။ အဲဒါကလည်း နောင်အနှစ်၂၀လောက်မှ ဖြစ်မှာပါ။ နောက်ပိုင်းမှာတော့ ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်မှုရှိလားဆိုတာကတော့ နိုင်ငံတကာက ပညာရှင်တွေနဲ့ အစည်းဝေးလုပ်ပြီး တွေ့ဆုံပြီး ပြောကြမှာပေါ့။ စီမံချက်တွေ ရေးဆွဲကြမှာပေါ့။ ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ကြမှာပေါ့။ ဘယ်ဟိုတယ်တွေက ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်နေလဲပေါ့။ ဒါကလည်း ကြာဦးမှာပါ။ဘုရားတွေမှာ ဈေးရောင်းချတဲ့ သူတွေ ယဉ်ကျေးမှု အမွေအနှစ်နဲ့ ဘာမှမဆိုင်ပါဘူး’’ဟု ဒုညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြော သည်။

လက်ရှိ အချိန်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း၌ တရားဝင်လိုင်စင် ထုတ်ပေးထားသည့် ဟိုတယ် ၈၆ လုံး ရှိသည်။ အဆိုပါ စာရင်း ၈၆ လုံးတွင် ဆောက်လက်စဟိုတယ်များ မပါဝင်ပေ။ အချို့ဟိုတယ်ဝင်းအတွင်း၌ စေတီပုထိုးများ ရှိသည့်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

ပုဂံဒေသတွင် စေတီပုထိုးအဆူ ၃၀ နီးပါး၌ ဈေးရောင်းချနေ သည့် ဈေးသည် အရေအတွက် ၂,၅၀၀ ခန့်ရှိနေကြောင်း ပုဂံဘုရားဈေးသည်များအသင်း ဥက္ကဋ္ဌ ဦးမျိုးကျော်က ပြောသည်။ အဆိုပါ အရေအတွက်၏ ၇၀ ရာခိုင်နှုန်း ဖယ်ရှားပေးရမည်ဟု သတင်းများကြောင့် စိုးရိမ်နေ ကြောင်း ၎င်းကပြောသည်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီး နောက်တစ်ရက် ယမန်နေ့တွင် ပုဂံဒေသ၌ ကမ္ဘာ့လှည့်ခရီး သွားများ၊ ပြည်တွင်ဘုရားဖူးဧည့်သည်များဖြင့် ပြည့်နှက်နေသည် ကို တွေ့ရသည်။ အချို့ကမ္ဘာ့လှည့်ဧည့်သည်များက ယခုရက်ပိုင်းကို တမင်ချိန်ကိုက်၍ လာလည်ပတ်သည်ဟု ပြောဆိုကြောင်း ပုဂံဒေသတွင်း ဧည့်လမ်းညွှန်များက ပြောသည်။

ပုဂံဒေသနည်းတူ ပျူမြို့ဟောင်းသုံးမြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့်သရေခေတ္တရာမြို့တို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၄ ဇွန်လက သတ်မှတ်ထားသည်။ ထို့ကြောင့် ပုဂံဒေသသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသဖြစ်လာသည်။

ထိုအပြင် ဘာသာလေးမျိုးဖြင့် ရေးထိုးထားသော ပုဂံမြို့ရှိ မြစေတီ ကျောက်စာ(ရာဇကုမာရ်ကျောက်စာ) နှင့် အလောင်းမင်းတရား၏ ရွှေပေလွှာတို့ကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် (Memory of the World) အဖြစ် ယူနက်စကိုက ၂၀၁၆ ဖေဖော်ဝါရီတွင် သတ်မှတ်ထားသည်။ အလားတူ မန္တလေးမြို့မှ ကျောက်စာပေါင်း ၇၂၉ ချပ်ရှိသော မဟာလောက မာရဇိန်စေတီ ကုသိုလ်တော် ဘုရားများကိုလည်း ယူနက်စကိုက ကမ္ဘာ့မှတ်တမ်းစာရင်း (Memory of the World ) ဝင်အဖြစ် ၂၀၁၃ က သတ်မှတ်ခဲ့သည်။

ထို့အပြင် ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန်ကို ထိန်းသိမ်းကာကွယ်ရမည့် လူသားနှင့် ဇီဝရပ်ဝန်း ထိန်းညှိပေးသည့် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနယ် မြေအဖြစ် ယူနက်စကိုက ၂၀၁၇တွင် သတ်မှတ်ခဲ့သည်။ အင်းလေးကန်ကို ယူနက်စကိုက လူသားနှင့် ဇီဝအ၀န်းနယ်မြေအဖြစ် ၂၀၁၅ ဇွန် ၉ ရက်တွင် သတ်မှတ်ခဲ့သည်။

No comments:

Post a Comment