Monday, July 8, 2019

တံငါသည်တွေရဲ့ ငါးမိုင်းခွဲမှုကြောင့် တရုတ်ခရီးသွားနှစ်ဦး အပါအ၀င် သုံးဦး သေဆုံး

မလေးရှားနိုင်ငံ ဆာဘာ့ရှ်ပြည်နယ် ဆမ်ပိုနာကမ်းလွန်မှာ ဇူလိုင် ၅ ရက်နေ့ က တံငါသည်တွေရဲ့ ငါးမိုင်းခွဲမှုကြောင့် တရုတ်ခရီးသွားနှစ်ဦး အပါအ၀င် လူ သုံးဦးသေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး မလေးရှားရဲတပ်ဖွဲ့က မိုင်းခွဲခဲ့တဲ့ တံငါသည်တွေကို လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။ တရုတ်ခရီးသွား နှစ်ဦးနဲ့ ၎င်းတို့ ရဲ့ ရေငုပ်လမ်းညွှန် မလေးအမျိုးသားတစ်ဦးတို့ ရဲ့ သက်မဲ့ရုပ်အလောင်းတွေကို အခင်းဖြစ်ရေပြင်မှာ တွေ့ ရှိခဲ့ကြတာပါ။ သံသယရှိ တံငါသည်တွေကို မိမိတို့ လိုက်ရှာနေကြောင်းနဲ့  ရေကြောင်းရဲတပ်ဖွဲ့ကိုလည်း စုံစမ်းစစ်ဆေးမှုလုပ်ဖို့  အမိန့် ပေးထားကြောင်း ဆာဘာ့ရှ်ပြည်နယ် ရဲမင်းကြီး အိုမာမမ်မက်ရှ်က ဘာနာမားသတင်းဌာနကို ပြောခဲ့ပါတယ်။


သေဆုံးသူ သုံးဦးဟာ အခင်းဖြစ် ရေငုပ်လေ့လာရေး ဧရိယာအတွင်း လှေတစ်စီးနဲ့ ရေငုပ်ထွက်လာသူတွေဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယင်းဧရိယာမှာရှိနေတဲ့ အခြား ရေငုပ်ထွက် လှေငယ်လေးတွေပေါ်က လူတွေကတော့ မိုင်းကွဲသံမျိုး မကြားရဘူးလို့  ဆိုတာကြောင့် စဉ်းစားစရာဖြစ်နေတယ်လို့  ဆိုပါတယ်။

ငါးမိုင်းခွဲတယ်ဆိုတာဟာ ငါးတွေကို မူးမေ့စေဖို့  ဒါမှမဟုတ် သေစဖို့  ရည်ရွယ်ကာ ဖောက်ခွဲရေးပစ္စည်းတွေသုံးပြီး ဖောက်ခွဲ ငါးဖမ်းကြတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ပရိုဂရမ်ရဲ့ အဆိုအရ ယင်း ငါးဖမ်းနည်းဟာ ရေနေသတ္တ၀ါ ကြီးကြီးသေးသေးပါမကျန် သေဆုံးစေတာကြောင့် ထိခိုက်ပျက်စီးမှုအများဆုံး ငါးဖမ်းနည်းတွေထဲက တစ်ခုဖြစ်တယ်လို့  ဆိုပါတယ်။ မိုင်းပေါက်ကွဲတဲ့ ရေပြင်ဧရိယာရှိ ငါးဥတွေ၊ ရေအောက်ကြမ်းပြင်က သေးငယ်တဲ့ အပင်တွေ သတ္တမျိုးစိတ်တွေမှသည် ဝေလငါး၊ လင်းပိုင်တွေအထိ အန္တရာယ်ပေးနိုင်သလို သတ္တကျောက်တန်းတွေကိုလည်း အကြီးအကျယ်ပျက်စီး စေနိုင်ပါတယ်။

မလေးရှားရဲတပ်ဖွဲ့ကတော့ သေဆုံးသူသုံးဦးဟာ ငါးမိုင်းခွဲမှုကြောင့် သေခဲ့ရတာဖြစ်တယ်လို့  ယုံကြည်နေကြပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူသုံးဦးကို ရေငုပ်ဧရိယာမှာ ချပေးခဲ့တဲ့ လှေသမားနဲ့ အခြား လမ်းညွှန်တစ်ဦးတို့ ကို ဖမ်းဆီးထားပါတယ်။ ၄င်းတို့ ရဲ့ အဆိုအရ ရေငုပ်ဧရိယာမှာ သူတို့ သုံးဦးကို ချပေးခဲ့ပြီးနောက် ယင်းနေရာကို ထပ်ပြန်လာချိန်မှာ ပင်လယ်ရေမြှုပ်တွေပဲတွေ့ ခဲ့တာကြောင့် အကူအညီခေါ်ခဲ့ကြတာဖြစ်တယ်လို့  ပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment