Monday, July 8, 2019

စုံနံ့သာမြိုင်ကတော့ စားတယ်ဗျာ

(တစ်) အခုဆိုရင် စုံနံ့သာမြိုင်က တောသတ္တ၀ါတွေ ကမ္ဘာ့နေရာအ သီးသီးမှာ ရောက်ရှိပြီး အခြေချ လို့ နေထိုင်လာခဲ့ကြတာဟာဖြင့် သူတို့မရောက်တဲ့နေရာရယ်လို့ မရှိသလောက်ကို ဖြစ်နေပါပြီ။ မိုက်ဂရေးရှင်း (Migration)တဲ့။ တစ်နေရာက တစ်နေရာကို ပြောင်းနေတာကို ပြောတာပါပဲ။ ဟုတ်တယ်။ တောသတ္တ၀ါတွေ တစ်နေရာက တစ်နေရာကို ပြောင်းကြတယ်။ ဇာတိစုံနံ့သာ မြိုင်ကို စွန့်ခွာပြီးအရပ်တစ်ပါးကို ပြေးကြတယ်။ သူတို့ပြောပုံအရ တောဟာနေလို့ထိုင်လို့ မကောင်း တော့ဘူးဆိုလား။ ဘယ်လို ကြောင့် နေလို့ထိုင်လို့မကောင်း တော့တာတုံးဆိုတော့  တောက စားလွန်းလို့တဲ့။



အဲသည့်စကားကို ဂျက် ကွမ်းခြံကုန်းကြားကြားနေတာ ကြာလှပြီဖြစ်ပေမယ့် အခုရက် ထဲ နောက်ဆုံးကြားလိုက်မိတာ က မျောက်ဝံကြီးဆီက။ မျောက်ဝံ ကြီးကိုယ်တိုင်ကလည်း စုံနံ့သာ မြိုင်တောကြီးကို စွန့်ခွာသွားဖို့ အထုပ်အပိုးပြင်နေတဲ့ကာလ။

‘‘တောက စားတာ တရား လွန်သွားပြီ’’

မျောက်ဝံကြီးက အနို့ကလို ညည်းတော့ ဂျက်ကွမ်းခြံကုန်းက စိတ်ပြေရာပြေကြောင်း နားချပါ သေးတယ်။ ဟုတ်တယ်လေ။ ဒါ တောရဲ့သဘာဝပဲဥစ္စာ။ သတ္တ၀ါ တို့ ဘာသာဘာဝတစ်ကောင့်တစ် ကောင်စားကြမှာပဲပေါ့။ ဒါစိတ် ပျက်စရာမှမဟုတ်တဲ့ဥစ္စာ။

‘‘တောသတ္တ၀ါတွေပဲ အ ဆွေမျောက်ဝံရယ် စားကြမှာပဲ ပေါ့’’

‘‘မဟုတ်ဘူး ဂျက်ဆရာရဲ့။ အခုဟာက ဂိတ်ဆုံးနေပြီ’’ တဲ့။

အဲသမှာ ဂျက်ကအဲသည့် ဂိတ်ဆုံးအောင်စားတာကို ပြစမ်း ဗျာလို့ တောင်းဆိုမိလိုက်တာ။ ပြမယ်တဲ့ခင်ဗျ။ မျောက်ဝံကြီးက လည်း အထောက်နဲ့အထားနဲ့။

(နှစ်)

တိရစ္ဆာန်တွေ စားတာက တော့ လူတွေအမြင်မှာ နည်းနည်း ကလေးကြမ်းတာပေါ့။

ကျားက သမင်ကလေးကို စားတယ်။ ခြင်္သေ့က ဒရယ်က လေးကိုစားတယ်။ ကျားသစ်က ဆတ်ကိုစားတယ်။ အေးအေး ဆေးဆေးမဟုတ်ဘူးနော်။ အရှုံး၊ အနိုင်အပြေးပြိုင်ပြီးတော့မှ စား တာ။ အသက်ကိုလုပြီးပြေးနေ တုန်း အမိအရခုန်အုပ်ပြီးတဲ့သ ကာလ ကုပ်ပိုးကိုအစွယ်နဲ့ ခဲပြီး တော့မှစားတာ။ သွေးရဲရဲ သံရဲရဲ။ နည်းနည်းကြမ်းတယ်ဆိုရမှာ ပေါ့။

စပါးကြီးမြွေကြီးတွေ စား တာကလည်း ရက်စက်သယောင် ယောင်ပါပဲ။ သားကောင်ကိုညှို့ ပြီး ညှို့ချက်မှာမြောနေတော့မှ အကောင်လိုက်မျိုကြတာ။ မချိမ ဆံ့ကြီးတွေဖြစ်လို့။ ကျန်တဲ့မြွေ တွေလည်း ဒီလိုပါပဲ။ ဖားကလေး တွေ၊ ပုတတ်ကလေးတွေ၊ ကြွက် ကလေးတွေ လိုက်ဖမ်းပြီးမျိုတာ ပဲပေါ့။ ဒါလည်း ကြမ်းတာပဲ။

ကျောက်ဂူကြီးထဲမှာ ပိတ်မိ နေခဲ့ကြတဲ့ဟင်္သာကိုးသောင်း။ ဂူ ပေါက်ဝက ပင့်ကူကြီးကိုဘာမှ မတွန်းလှန်ဘူး။ ကိုယ့်အချင်းချင်း တစ်ကောင့်တစ်ကောင်ပြန်စား ကြရင်းနဲ့ ကိုးသောင်းလုံးကိစ္စချော သွားကြတာလည်း တောထဲမှာ စားတဲ့ဇာတ်ပဲပေါ့။

ငါးကြင်းမိတဲ့ဖျံနှစ်ကောင် ငါးကြင်းစားကြရတဲ့ အဖြစ်က တော့ တိရစ္ဆာန်လောကမှာ ခေါင်း တုံးပေါ်ထိပ်ကွက်တာ။ ဖျံကိုပြန် ပြီး ဖျံကျတာ။ မြေခွေးက ခွဲခြမ်း ဝေငှပေးလို့ ဖျံတွေခံလိုက်ရတာ။ ငါးကြင်းကို သုံးပိုင်းပိုင်းလေသ တဲ့။ အမြီးပိုင်းနဲ့ခေါင်းပိုင်းကို ဖျံ နှစ်ကောင်ကို ဝေပေးကာ အ လယ်ပိုင်းကို မြေခွေးက ယူပြေး လေသတဲ့။ တစ်ဝမ်းတစ်ခါးမှာ လည်တဲ့အကောင်က ကောင်းတဲ့ အပိုင်းကို စားတယ်ဆိုတဲ့တောရဲ့ စားကွက်ပေါ့။

ခြင်္သေ့ကြီးက ပါးစပ်ဟကာ နမ်းခိုင်းပြီး နံတယ်လို့ပြောတဲ့ သတ္တ၀ါကိုလည်း သူ့ကိုစော်ကား တယ်ဆိုကာ စား၊ မွှေးတယ်လို့ ပြောတဲ့သတ္တ၀ါကိုလည်း သူ့ကို မုသားစကားပြောရကောင်းလား ဆိုကာ စားတဲ့အဖြစ်ကလည်း တောထဲမှာ ဟိုးလေးတကျော် ပေါ့။ ဘာပြောပြောစားမယ်ဆိုတဲ့ ၀ါဒ။

ယုန်သူငယ်ပေမယ့် စားတဲ့ နေရာမှာ အင်မတန်လည်တဲ့အ ဖြစ်ကလည်း တောထဲကစားတဲ့ အကြောင်းတွေ ပြောရင် မခြွင်း မချန်ထည့်ပြောရမယ့်ကိစ္စပေါ့။ ယုန်က အလုပ်ကိုတခြားသတ္တ၀ါ တွေနဲ့ တွဲတွဲပြီးဖက်စပ်လုပ်လေ့ရှိ သတဲ့။ အဲ...တစ်ခါမှာတော့ ပူး ကလေးတစ်ကောင်နဲ့ တွဲလုပ် တယ်ဆိုလား။ သင်းတို့နှစ်ကောင် ဂျုံစိုက်ကြလေသတဲ့။ ဂျုံတွေ လည်း ရိတ်သိမ်းချိန်ရောက်လာ ရော ယုန်က စည်းကမ်းလေးချ ပေးတယ်။ ပူးက အောက်ပိုင်းကို ယူ၊ သူကအပေါ်ပိုင်းကိုယူမယ် ဆိုတဲ့စည်းကမ်း။ ပူးခမျာမသိ တော့လက်ခံတာပေါ့။ နောက် တော့မှ သူ့ခမျာဂျုံရိုးတွေချည်းပဲ ရရှိကာ ယုန်ငလည်က အစေ့အနှံ တွေပါတဲ့အပေါ်ပိုင်းကို ယူသွား မှန်းရိပ်မိတာ။ ဒါနဲ့နောက်တစ်ခါ စပ်တူအလုပ်လုပ်ကြရင် အကျိုး အမြတ်ကို ပြောင်းပြန်လှန်ပြီးယူ မယ်လို့ ယုန်ကိုတောင်းဆိုလေသ တဲ့။ ယုန်ကလည်း လက်ခံတယ် ဆိုပဲ။ အဲဒါနဲ့နောက်တစ်ခါ အလုပ်လုပ်ကြပြန်ပါလေရော။ သည်တစ်ခါတော့ မုန်လာဥစိုက် ကြတာတဲ့။ စည်းကမ်းချက်အ တိုင်းပါပဲ။ မုန်လာဥတွေကိုလည်း ခွဲဝေရော ပူးကအပေါ်ပိုင်း၊ ယုန် က အောက်ပိုင်းပြန်ဖြစ်သွားတာ မို့ ပူးခမျာ အရွက်တွေချည်းသာ ရပြီး ယုန်ကမုန်လာဥတွေချည်း ရသွားပြန်ပါလေရော။ အပေါ် ပိုင်းကို ဝေစုတောင်းတုန်းက ဂျုံ စိုက်တယ်။ အောက်ပိုင်းကို ဝေစု တောင်းတော့ မုန်လာဥစိုက် တယ်။ ဘယ်အကွက်မှာ ဘယ် ဘက်ကို စားမလဲလို့ သိတဲ့ယုန်ရဲ့ ကျွမ်းကျင်ပုံဟာလည်း တောထဲ က စားပုံဇာတ်လမ်းတွေမှာ အထင်ကရပေါ့။

ကြောင်စုန်းတွေ စားပုံက တော့ နည်းနည်းကလေးရက်စက် လွန်းပါတယ်။ ကြောင်မကြီးက ကြောင်ပေါက်စကလေးတွေကို ပြန်စားတယ်ဆိုလား။ ဒါ့ကြောင့် များ ကြောင်စုန်းလို့နာမည်ပေး ထားလေရော့သလားမသိ။

 ဪ...သတ္တ၀ါတွေ။ ကိုယ့်အသက်ရှင်ဖို့အတွက် နည်း လမ်းအသွယ်သွယ် ပရိယာယ် အ၀၀နဲ့ ခုန်ကာအုပ်ကာ ညှို့ကာ မြှူကာ၊ လိမ်ကာပတ်ကာ၊  စိမ်းချင်စိမ်း ကျက်ချင်ကျက် ဘယ်အ ကောင့်မျက်ခွက်မှ မကြည့်ဘဲနဲ့ စားနေလိုက်ကြတာ။

ကိုယ်အသက်ရှင်ရင်ပြီးစ တမ်းဆိုတော့ တောထဲကသတ္တ၀ါ တွေရဲ့ စားပုံဟာ လူတွေအမြင် မှာ ကြောက်စရာကြီးပေါ့။ အော် ဂလီဆန်ကာ ရွံရှာဖွယ်ရာကြီး ပေါ့။

အဲသမှာ တချို့တချို့သော သတ္တ၀ါတွေက တောကိုခွာပြီး ယဉ်ကျေးဖွယ်ရာတဲ့ လူ့ကမ္ဘာကို ထွက်ပြေးကြတာ။ နောက်ဆုံး ဂျက်ကွမ်းခြံကုန်းနဲ့ တွေ့တဲ့ မျောက်ဝံကြီးအထိ။

‘‘နေပါဦး။ အဆွေမျောက်ဝံ စိတ်ထိခိုက်လောက်အောင် အ စားကြမ်းတဲ့ တောထဲကအဖြစ် တော့ ရှိမှာပေါ့’’

အနို့ကလိုမေးလိုက်တော့ မျောက်ဝံကြီး မျက်နှာညှိုးသွား တယ်။ ခေါင်းညိတ်တယ်။ တစ် နေရာလေးပဲ လိုက်ပြမယ်တဲ့။ ဒါနဲ့ ထွက်ခဲ့ကြပါလေရော။

(သုံး) မျောက်ဝံကြီးက စကားကို ကြိုပြောပါတယ်။ အခုပြမှာ ခြ တွေတဲ့။ ခြတွေ စားနေကြတာကို ပြမှာတဲ့။

‘‘ဪ...ခြပဲ စားမှာပေါ့ ဗျာ။ ပြမနေပါနဲ့။ တစ်တောလုံး အနှံ့ ခြစားနေတဲ့ဥစ္စာ’’ လို့။

မျောက်ဝံကြီးက ဟုတ်ပါ တယ်တဲ့။ ဒါပေမဲ့ အခုပြမယ့်တစ် နေရာလေးတော့ ကြည့်ပါတဲ့။ နီး ပါပြီတဲ့။

ဒါနဲ့လိုက်သွားတော့ ဂျက် ကွမ်းခြံကုန်းကိုယ့်နဖူးကိုယ်လက် ဖ၀ါးနဲ့ရိုက်ပြီး ဟိုက်လို့မြည်တမ်း မိရဲ့။ စုံနံ့သာမြိုင်လုံးဆိုင်ရာ တိရစ္ဆာန်တရားရုံးတဲ့။ အဲဒါကြီး ကို ခြတွေကစားနေကြတာ ခင်ဗျ။ ဆန်ခါပေါက်တောင်ကျ နေပါပြီ။ ရစရာကိုမရှိတော့တာ။

တောသတ္တ၀ါတွေ အသက် ရှင်ဖို့စားကြတာလူတွေနဲ့တော့ ဘယ်မှာတူနိုင်ပါ့မတုန်းလို့။ ရင့်သီးရက်စက် ကြမ်းတမ်းယုတ်ကန်း သယောင်ယောင်ပေါ့။ အနို့သော် ခြတွေ တိရစ္ဆာန်တရားရုံးလာစားတဲ့အထိကတော့။
မျောက်ဝံကြီး တောကနေ ပြေးဖို့ အထုပ်အပိုးပြင်တာ ဘာ ဆန်းသတုံးကွယ်တို့။

No comments:

Post a Comment