Sunday, May 26, 2019

ဝက်သားဈေးကြီးမြင့်သဖြင့် ပြင်သစ်အသင့်စား အသားထုတ်လုပ်ငန်းများ ပြိုလဲနိုင်

အာဖရိက ၀က်အပြင်းဖျားရောဂါကြောင့် တရုတ်နိုင်ငံမှာ ၀က်အကောင်ရေ သန်းချီ သတ်ဖြတ်ခံရပြီး ပြင်သစ်အသင့်စား အသားထုတ်လုပ်သူတွေဟာလည်း ၀က်သားဈေး ကြီးမြင့်တဲ့ဒဏ်ကို ခါးစည်းခံနေရပါတယ်။ အဲဒီအတွက် အသားထုတ်လုပ်ငန်း ပြိုလဲတာတွေ ဖြစ်နိုင်တယ်ဆိုပြီး ထုတ်လုပ်သူတွေက မေလ ၂၄ ရက်နေ့က ပြောပါတယ်။ ကူးစက်နှုန်းမြင့်မား ဗိုင်းရပ်စ်တမျိုးဖြစ်တဲ့ အာဖရိက ၀က်အပြင်းဖျားရောဂါဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကစပြီး တရုတ်နိုင်ငံ ပြည်နယ်တိုင်းမှာ ကူးစက်ပျံ့နှံ့နေတာဖြစ်ပါတယ်။  ဒီအတွက် ကမ္ဘာ့ကြီးဆုံး ၀က်သားထုတ်လုပ်တဲ့ တရုတ်နိုင်ငံမှာ ၀က်ကောင်ရေ သန်းချီ သတ်ဖြတ်ခဲ့ရပြီး ဒီနှစ် အစောပိုင်းမှာ ၀က်သားတွေကို နိုင်ငံခြားကနေ တင်သွင်းခဲ့ရပါတယ်။



အဲဒီနောက်ဆက်တွဲ အကျိုးဆက်ကတော့ မတ်လနောက်ပိုင်းမှာ ပြင်သစ်ဝက်သားဈေးက  ၂၄ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တာပါ။ အဲဒီလို ဈေးတက်ရာမှာ အသင့်စားအသားထုတ်လုပ်ရာမှာ သုံးတဲ့ ၀က်အူချောင်း၊ ချက်ပြီး ၀က်သားနဲ့ ၀က်ပေါင်ခြောက်တွေလို ပစ္စည်းအမယ်တွေလည်း ၃၀ ရာခိုင်နှုန်း ဈေးမြင့်တက်ခဲ့တာပါ။

ဒါကြောင့် ထုတ်လုပ်သူတွေမှာ အဲဒီဈေးတွေနဲ့ ၀ယ်သူတွေဆီ ရောင်းချဖို့ အကျပ်ရိုက်စေတယ်လို့ အသားထုတ်လုပ်ငန်းအဖွဲ့အစည်း FICT က ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ ထုတ်လုပ်သူတွေနဲ့ လက်လီဝယ်သူတွေအကြား တနှစ်ကို တကြိမ် ဈေးနှုန်း ညှိနှိုင်းစာချုပ်ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်ကြတာပါ။

ဒါကြောင့်မို့ စာချုပ်ထဲ ထည့်ချုပ်ထားတဲ့ အထူးစာပိုဒ်မပါဘဲ ၀ယ်သူတွေဟာ ဈေးနှုန်း တက်တာကို လက်မခံလိုပါဘူး။ အဲဒီအတွက်  FICT အကြီးအကဲက ဈေးနှုန်းတက်တာကို ၀ယ်သူတွေ လက်မခံရင် လုပ်ငန်းတွေ ပြိုလဲနိုင်တယ်ဆိုပြီး ကြိုတင်သတိပေးခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ စပိန်နဲ့ ဂျာမနီ ပြီးရင် ပြင်သစ်နဲ့ နယ်သာလန်တို့ဟာ တတိယအကြီးဆုံး အသင့်စားအသားထုတ်လုပ်သူတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

No comments:

Post a Comment