Sunday, May 26, 2019

ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သံသယရှိသူကို ရဲတပ်ဖွဲ့က ရှာဖွေနေ

ပြင်သစ်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော လိုင်ယွန်မြို့လယ်တွင် လူသွားစင်္ကြံတစ်ခုပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သံသယရှိသူတစ်ဦးအား မေ ၂၅ ရက်တွင် လိုက်လံရှာဖွေခဲ့သည်။ ပြိုင်ဆိုင်မှု ပြင်းထန်သော ဥရောပပါလီမန် ရွေးကောက်ပွဲများအား ပြင်သစ်၌မကျင်းပမီ တစ်ရက်အလိုတွင် ထိုပေါက်ကွဲမှုကြောင့် လူတစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့သည်။



မေ ၂၄ ရက်တွင် သံအစအနများဖြင့် ထုပ်ပိုးထားသည့် အထုပ်တစ်ထုပ်မှဖြစ်ဖွယ်ရှိသည့် ထိုပေါက်ကွဲမှုသည် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သမ္မတ အီမန်နျူ ရယ်မက်ခရွန်က ပြောကြားခဲ့ပြီး ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖီကာစတာနာအား လိုင်ယွန်သို့ စေလွှတ်ခဲ့သည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူ ၁၃ ဦးအနက် ၁၁ ဦးကို ဆေးရုံသို့တင်ပို့ခဲ့ပြီး အသက်အန္တရာယ်ရှိသည့်ဒဏ်ရာများ ရရှိသူ မရှိပေ။ ထိုဒဏ်ရာရသူများမှ အမျိုးသမီး ရှစ်ဦး၊ အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦး၊ အမျိုးသားလေးဦးတို့ ပါဝင်သည်။

ပေါက်ကွဲမှုမဖြစ်ပွားမီတွင် ထိုနေရာ၌ရှိသော လုံခြုံရေးကင်မရာများမှ မှတ်တမ်းတင်ခဲ့သည့် အသက် ၃၀ စွန်းစွန်းအရွယ်ရှိ သည်ဟု ယူဆရသည့် သံသယဖြစ်ဖွယ် အမျိုး သားတစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေ ပြီး မျက်မြင်သက်သေများက ကူညီပေးကြရန် Twitter တွင် တောင်းဆိုခဲ့သည်။ ထိုပေါက်ကွဲမှုသည် အကြမ်းဖက်လုပ်ရပ် ဟုတ်၊ မဟုတ်ကို ပြောရန် စောလွန်းနေသေးကြောင်း တရားရေးဝန်ကြီး Nicole Belloubet က BFM ရုပ်သံသို့ ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲဝန်းကျင်တွင် လူစည်ကားသော လမ်းနှစ်လမ်း၏ ထောင့်တစ်ခုအနီး မုန့်ဆိုင်တစ်ဆိုင်၏ ရှေ့တွင် ဝက်အူများ သို့မဟုတ် မူလီများ ထည့်ထားသည့် အထုပ်တစ်ထုပ်မှ ပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

မေ ၂၆ ရက်တွင် ပြင်သစ်၌ ဥရောပ ပါလီမန်ရွေးကောက်ပွဲများ မကျင်းပမီ ထိုပေါက်ကွဲမှုကြောင့် ဝန်ကြီးချုပ် အက်ဒ်ဝပ်ဖိ လစ်ပီသည် မေ ၂၅ ရက်ညတွင် ၎င်း၏ ဗဟိုဝါ ဒီပါတီ၏ နောက်ဆုံးစုဝေးပွဲသို့ တက်ရောက်မည့် အစီအစဉ်ကိုဖျက်သိမ်းခဲ့သည်။

ပြင်သစ်တွင် အကြမ်းဖက်မှု ဖြစ်စဉ်အားလုံးကို စီရင်ပိုင်ခွင့်ရှိသော ပါရီအစိုးရရှေ့နေရုံးက ထိုပေါက်ကွဲမှုအား အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေသည်။

ပြင်သစ်တွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း လူ ၂၅၀ ကျော် သေဆုံးခဲ့ရသည့် ဂျီဟတ် အကြမ်းဖက်တိုက်ခိုက်မှုများစွာ ကြုံတွေ့ခဲ့ရပြီးနောက် တပ်လှန့်မှုကို အမြင့်ဆုံးသို့ တိုးမြှင့်ခဲ့သည်။

ယခုပေါက်ကွဲမှုသည် လိုင်ယွန်မြို့ဗဟိုချက်၏ အဓိကလမ်းတစ်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအတွက်တာဝန်ရှိသည့် ဒုတိယမြို့တော်ဝန် Jean-Yves Secheresse က BFM ရုပ်သံသို့ ပြောကြားခဲ့သည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ကာလ ရှည်ကြာလုပ်ဆောင်နေသည့် အစီအစဉ်အ ဖြစ် စစ်သားများက ကင်းလှည့်နေစဉ် ရဲများကလည်း စောင့်ကြပ်နေသောကြောင့် ထိုနေရာများသည် အလွန်အမင်း ဘေးကင်းကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ပြင်သစ်တွင် ၂၀၀၇ ခုနှစ် ဒီဇင်ဘာတွင် ပါဆယ်အထုပ်တစ်ထုပ်မှ ပေါက်ကွဲမှု နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့သည်။ ပါရီရှိ ဥပဒေရုံးတစ်ရုံးရှေ့တွင် ဖြစ်ပွားခဲ့သည့် ထိုပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့သော်လည်း ထိုတိုက်ခိုက်မှုပြုလုပ်သူအား ရဲတပ်ဖွဲ့က မဖော်ထုတ်နိုင်ခဲ့ပေ။

No comments:

Post a Comment