Sunday, May 26, 2019

ဧဝရက်တောင်တက်ရင်းသေဆုံးသူ တောင်တက်သမား တစ်ပတ်အတွင်း ငါးဦးရှိ

ယခုအပတ်အတွင်း ဧဝရက်တောင်တက်ရင်း အမေရိကန်နိုင်ငံသားတစ်ဦး၊ အိန္ဒိယနိုင်ငံသားနှစ်ဦး၊ သြစတြီးယားနိုင်ငံသားတစ်ဦးနှင့် အိုင်ယာလန်နိုင်ငံသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း နီပေါတောင်တက်မှုကြီးကြပ်ရေးအရာရှိများက မေ ၂၄ ရက်တွင် ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံသား ဒွန်ကက်ရှ်သည် တောင်ထိပ်သို့ရောက်ရှိပြီးနောက် အမြင့်ရောက်သည့်အခါဖြစ်တတ်သည့် ခေါင်းမူးခေါင်းကိုက်ခြင်း၊ အသက်ရှူမဝခြင်းနှင့် နှလုံးအားနည်းခြင်းတို့ဖြစ်လာခဲ့ရာ ၎င်းကို ရှာပါလမ်းပြနှစ်ဦးတို့က အရေးပေါ်သူနာပြုနည်းဖြင့် ပြုစုခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လမ်းပြဝန်ဆောင်မှုပေးနေသည့် ပိုင်အိုးနီးယားအဗန်ချာလုပ်ငန်းက မေ ၂၄ ရက်တွင်ပြောဆိုခဲ့သည်။



မြင့်မားလွန်းသည့်နေရာများသို့ရောက်ရှိသည့် အခါ အောက်စီဂျင်နည်းပါးမှုကြောင့် ခေါင်းမူးခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ လှုပ်ရှားလိုက်ပါက အားပြတ်သလိုဖြစ်သွားခြင်းတို့ဖြစ်တတ်သည်။

ယခုအပတ်အတွင်း အိန္ဒိယနိုင်ငံသားနှစ်ဦးနှင့် သြစတြီးယားနိုင်ငံသားတစ်ဦးတို့ တောင်ထိပ်မှပြန်ဆင်းစဉ် သေဆုံးခဲ့ကြောင်း ပီတီအိုင်သတင်းဌာနက မေ ၂၄ ရက်တွင်ဖော်ပြခဲ့သည်။

အိုင်ယာလန်သားတစ်ဦးလည်း မေ ၂၄ ရက်တွင် တောင်တက်ရန်ကြိုးပမ်းရင်းသေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် တောင်တက်ဝန်ဆောင်မှုကုမ္ပဏီ 360 Expedition က ပြောဆိုခဲ့သည်။

နွေဦးတောင်တက်ရာသီတွင် ဧဝရက်တောင်နှင့် ဟိမဝန္တာတောင်ထိပ်များကို ရှာပါလမ်းပြများအကူဖြင့် နိုင်ငံခြားသားရာပေါင်းများစွာတက်ရောက်နေကြပြီဖြစ်သည်။မေတွင် ရာသီဥတုကောင်းမွန်တတ်သောကြောင့် အောင်မြင်နိုင်ခြေများခဲ့သည်။

အမေရိကန်ပြည်ထောင်စု ယူတားပြည်နယ်မှ အသက် ၅၅ နှစ်အရွယ်ကက်ရှ်သည် ကမ္ဘာ့တိုက်ကြီးခုနှစ်တိုက်ရှိ အမြင့်ဆုံးတောင်များကိုတက်ရောက်ရန် ရည်ရွယ်ခဲ့သူဖြစ်ကြောင်း သမီးဖြစ်သူ ဒနီးကွတ်ခ်က ဖေ့စ်ဘွတ်ခ်၌ ရေးသားခဲ့သည်။

ကက်ရှ်၏ရုပ်အလောင်းသည် ဟီလာရီစတပ်ခေါ်တောင်စွန်းတစ်နေရာ၌ ရှိနေကြောင်း နီပေါတောင်တက်အသင်းဥက္ကဋ္ဌ ဆန်တာဘဇီလားမားကပြောဆိုခဲ့သည်။

No comments:

Post a Comment