Sunday, May 26, 2019

ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများကို စောင့်ရှောက်ရန် မြန်မာအလုပ်သမား စေလွှတ်နိုင်ရေး ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အစည်းအဝေးတွင် ခွင့်ပြုခဲ့

ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများကို စောင့်ရှောက်ရန် မြန်မာအလုပ်သမား စေလွှတ်နိုင်ရေး ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အစည်းအဝေးတွင် သဘောတူ ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အို စောင့်ရှောက်မှု သင်တန်းကျောင်းနှင့် တူညီသည့် သင်တန်းကျောင်းကို မတ် ၇ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။



“လက်ရှိ ဂျပန်-မြန်မာ ပူးပေါင်းပြီး သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်ဆောင်နေတယ်။ မတ် ၇ ရက်ကစပြီး သူနာပြုသင်တန်းကျောင်း (ရန်ကုန်) မှာ သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်သူသင်တန်း စဖွင့်ခဲ့တယ်။ အဲဒီသင်တန်းကို အခုမှစဖွင့်တာ ဆိုပေမယ့် လူတော်တော်များများက စိတ်ဝင်စားကြတယ်။ သင်တန်းတက်ဖို့အတွက် လူဦးရေထောင်ကျော် လာလျှောက်ပေမယ့် သင်တန်းသား သင်တန်းသူ ၉၇ ဦးကိုပဲ ရွေးချယ်ထားပါတယ်” ဟု ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဂျပန်-မြန်မာ ပူးပေါင်း၍ သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ဆောင်နေပြီး လက်ရှိဂျပန်နိုင်ငံ၌ လတ်တလော အလုပ်အကိုင်နေရာ သုံးသိန်းခန့် လိုအပ်နေကြောင်း ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၆ ရက်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌဌနှင့်အဖွဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်တန်းသည် ခြောက်လတာ အချိန်ပြည့် သင်တန်းဖြစ်ပြီး သင်တန်းတွင် ဂျပန်နိုင်ငံမှ နည်းပြများလည်း မြန်မာနိုင်ငံသို့ လာရောက်ပြီး စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ၌ ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းအတွက် မြန်မာလုပ်သားများ အမြန်ဆုံး စေလွှတ်ပေးရန် ဂျပန်အစိုးရက မြန်မာအစိုးရကို ကမ်းလှမ်းထားကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။ ဂျပန်နိုင်ငံရှိ သက်ကြီးစောင့်ရှောက်ရေး လုပ်ငန်းများတွင် လုပ်ကိုင်မည့် မြန်မာလုပ်သားများ အနေဖြင့် ဂျပန်အစိုးရ သတ်မှတ်ထားသော အနည်းဆုံး လုပ်ခလစာအတိုင်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင်လည်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌဌာန်းခဲ့ပြီး ဥပဒေကို အကောင်အထည်ဖော်မည့် နည်းဥပဒေနှင့် အမျိုးသားအဆင့် သက်ကြီးမူဝါဒကိုလည်း ဆက်လက် ရေးဆွဲနေကြောင်း သိရသည်။

No comments:

Post a Comment