Sunday, May 26, 2019

စစ်သွေးကြွအဖွဲ့ခေါင်းဆောင်အား သုတ်သင်လိုက်ပြီဟု အိန္ဒိယပြော

အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ စစ်သွေးကြွအဖွဲ့ခေါင်းဆောင်ကို အိန္ဒိယ တပ်ဖွဲ့ဝင်တွေက သုတ်သင်လိုက်ပြီလို့ ရဲတပ်ဖွဲ့က မေလ ၂၄ ရက်နေ့မှာ ပြောပါတယ်။ အသက် ၂၅ နှစ်အရွယ် ဇာကာမူဆာ ခေါ် ဇာကာ ရာရှစ် ဘတ်ကို ကတ်ရှ်မီးယားဒေသ ပူလ်ဝါမာမြို့တောင်ပိုင်းက နေအိမ်အတွင်း ပိတ်ဆို့ဖမ်းဆီးခဲ့တာလို့ အကြီးတန်း ရဲအရာရှိ တဦးက ပြောပါတယ်။



ဟစ်ဘူမူဂျာဟေဒင်အဖွဲ့ တပ်မှူးဟောင်းဖြစ်တဲ့ ဇာကာမူဆာဟာ ကိုယ်ပိုင် အဖွဲ့တည်ထောင်ပြီး ၂၀၁၇ ခုနှစ်မှာတော့ အယ်ကိုင်းဒါးအဖွဲ့နဲ့ ပူးပေါင်းတယ်ဆိုပြီး ကြေညာထားတာပါ။

အဲဒီ မူဂျာဟေဒင် အဖွဲ့ဟာ ကတ်ရှ်မီးယားဒေသမှာ အိန္ဒိယ အုပ်စိုးမှုကို ဆန့်ကျင်တဲ့ စစ်သွေးကြွအုပ်စုတွေထဲက အကြီးဆုံးအဖွဲ့ ဖြစ်ပါတယ်။

ကတ်ရှ်မီးယားဒေသမှာ ခွဲထွက်ရေးသမားတွေက ဆယ်စုနှစ်ချီပြီး အိန္ဒိအစိုးရ အုပ်ချုပ်မှုကို လက်နက်ကိုင် တိုက်ခိုက်လာတာဖြစ်ပါတယ်။ ကတ်ရှ်မီးယား ဒေသခံအများစုဟာ အိန္ဒိယဆီကနေ လွတ်လပ်ရေး ရလိုတာ ဒါမှမဟုတ် အိန္ဒိယပြိုင်ဘက် ပါကစ္စတန်နဲ့ ပူးပေါင်းလိုတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment