Sunday, May 26, 2019

ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းနှင့် လုပ်ခလစာ နည်းပါးခြင်းတို့ကြောင့် ထိုင်းနိုင်ငံသို့ MoU လုပ်သား လစဉ် ၁၅၀၀၀ အထက်တွင် ထွက်ခွာနေ

ပြည်တွင်း၌ အလုပ်ရုံ စက်ရုံ တည်ဆောက်လည်ပတ်နိုင်မှု အားနည်းခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ တချို့သော မြို့ကြီးများတွင် အလုပ်အကိုင် ရှိသော်လည်း လုပ်ခလစာ နည်းပါးခြင်း၊ ကျေးလက် တောရွာများတွင် အလုပ်အကိုင် ပိုမိုနည်းပါးလာခြင်းတို့ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် သွားရောက် လုပ်ကိုင်သူ ယခုနှစ်တွင် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။



နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလ ကုန်ဆုံးပြီးနောက် မေလတွင် မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ခွာသူ ယခင်လများထက် ပိုမိုများပြားလာပြီး မေ ၁ ရက်မှ မေ ၂၄ ရက်ထိ အမျိုးသား၊ အမျိုးသမီး ၁၃၇၈၈ ဦး ထွက်ခွာသွားခဲ့ကြောင်း မြဝတီ ချစ်ကြည်ရေးတံတားမှ သိရသည်။

အဆိုပါ အလုပ်သမားများသည် စက်ရုံအလုပ်ရုံနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ သွားရောက် လုပ်ကိုင်ကြသူများအပြင် ငါး၊ ပုစွန် လုပ်ငန်းများသို့ သွားရောက်သူများလည်း ပါဝင်ကြောင်း သိရသည်။

ပြည်တွင်း၌ အခြေခံ တစ်နေ့လုပ်အားခ ကျပ် ၄၈၀၀ ကိုသတ်မှတ်နိုင်ချိန်မှာ ထိုင်းနိုင်ငံအတွင်း တစ်နေ့ လုပ်အားခ ဘတ် ၃၁၅ ဘတ်၊ ယခုထိုင်းဘတ်ငွေဈေး မြင့်တက်နေမှုကြောင့် ကျပ် ၁၅၀၀၀ နီးပါးရရှိလာခဲ့ကာ ကိုယ့်နိုင်ငံထက် သုံးဆခန့် ပိုမိုရရှိနေသော အိမ်နီးချင်းနိုင်ငံသို့ မြန်မာလုပ်သား ထွက်ခွာမှု များပြားနေခြင်း ဖြစ်သည်ဟု ဆိုသည်။

“ယခင်လကတော့ နှစ်သစ်ကူး သင်္ကြန်ကာလ၊ ရုံးပိတ်ရက်တွေများတဲ့အတွက် လုပ်သားစေလွှတ်မှု လျော့နည်းခဲ့ပါတယ်။ ဒီလမှာတော့ ယခင်လကထက် များပြားခဲ့ပါတယ်။ အများစုကတော့ ကျေးလက် တောရွာနေသူတွေ ပိုများပါတယ်” ဟု ချစ်ကြည်ရေး တံတားမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

သို့ဖြစ်၍ ပြည်တွင်းလယ်ယာလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၌ လုပ်သားရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေရပြီး လူသားအရင်းအမြစ်များ ပိုမိုဆုံးရှုံးလာခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လာသူများလည်း ရှိသည်။ ထိုအထဲတွင် ဖမ်းဆီးခံရပြီး ပြန်ပို့ခံရသူလည်း ရှိသည်။ ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက် ကြသော်လည်း အလုပ်အကိုင်မရဘဲ ပြန်လာရခြင်းကြောင့် မိသားစုဘဝ ဆုံးရှုံးမှုများစွာ ရှိသည်ဟု ဆိုသည်။

ပြည်တွင်းလယ်ယာ လုပ်ငန်းခွင်များ၌ လုပ်သားရှားပါးမှု ကြုံလာရသလို အသက် ၂၀၊ ၃၀ အရွယ်များမှာ မိခင်နိုင်ငံသားများ မလုပ်ချင်သော လုပ်ငန်းများကို၊ လုပ်အားခ ပိုမိုရလိုမှု၊ မိသားစုဘဝ ဝမ်းရေးကို ဖြေရှင်းလိုမှု တစ်ခုတည်းကြောင့် ပြည်ပနိုင်ငံသို့ ထွက်ခွာနေရသော်လည်း ပြည်တွင်း၌ လူ့စွမ်းအား အရင်းအမြစ်များ များစွာဆုံးရှုံးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက် လုပ်ကိုင်ရန် မြဝတီ-မဲဆောက်လမ်းမှ MoU လုပ်သားအဖြစ် ထွက်ခွာသူ အမျိုးသား၊ အမျိုးသမီး လစဉ်တစ်သောင်းခွဲ အထက်တွင် ထွက်ခွာလျက်ရှိပြီး အစိုးရသစ်လက်ထက် သုံးနှစ်ကျော်လာသည့်တိုင် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် စက်ရုံအလုပ်ရုံများ လိုအပ်နေဆဲ ဖြစ်သည်။

MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ ၂၀၁၃ ခုနှစ်ကတည်းက သွားရောက် လုပ်ကိုင်နေကြရာ ထိုင်းနိုင်ငံအတွင်း မြန်မာလုပ်သား လေးသန်းကျော် ဝင်ရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment