Sunday, May 26, 2019

မြန်မာနိုင်ငံတွင် အသက်မပြည့်သေးသော ကလေးငယ်များ အဓမ္မခိုင်းစေခံရမှု အများဆုံး ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံတွင် အသက်မပြည့်သေးသော ကလေးငယ်များ အဓမ္မခိုင်းစေခံရမှု အများဆုံး ဖြစ်နေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ေ မ ၂၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ပြုလုပ်သော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲဖိုရမ် ပြုလုပ်ပြီးနောက် သတင်းမီဒီယာများက မေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။



အဓမ္မခိုင်းစေခြင်းကြောင့် ILO သို့ တိုင်ကြားထားသော အမှု ၁၀ဝ ကျော်ရှိသည့်အနက် အရွယ်မရောက်မီ စစ်မှုထမ်းရခြင်းနှင့် အသက်မပြည့်သေးသော ကလေးငယ်များမှာ အများဆုံး ဖြစ်နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ပြောကြားချက်အရ သိရသည်။
“တိုင်ကြားမှုယန္တရားက အခုစနေပါပြီ။ ဆက်လက်ပြီးတော့မှ အမျိုးသားအဆင့် တိုင်ကြားမှုယန္တရား ထူထောင်ရေး ကိစ္စဟာလည်းပဲ ပြင်ဆင်မှုကာလလေး ပြီးသွားတယ်ဆိုရင် စပါပြီ။ ILO ဘက်ကတော့ ဒီကြားကာလမှာ ပညာပေးတာတွေ၊ ဆွေးနွေးတာတွေကို အချိန်ယူ လုပ်စေချင်ပါတယ်။ ဒါကြောင့်မို့ သူတို့နဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ လုပ်သွားဖို့ စီစဉ်ထားပါတယ်။ အဓမ္မခိုင်းစေမှုက တိုင်ကြားမှု ယန္တရားက အရင်တုန်းကတော့ ILO ကို တိုင်ကြားရတာပါ။ အဲဒီလို တိုင်ကြားတဲ့ အမှုတွေကိုလည်း လိုက်ပြီးတော့မှ ဖြေရှင်းပေးနေပါတယ်။ တိုင်ကြားရေး ဖြေရှင်းပေးမှုက အများကြီးရှိခဲ့တယ်။ လက်ရှိလက်ကျန်ကတော့ အမှု ၁၀ဝ ကျော်ရှိသေးတယ်။ ဘယ်လို အမျိုးအစားလဲဆိုတော့ များသောအားဖြင့်တော့ အရွယ်မရောက် သေးတဲ့သူတွေ စစ်မှုထမ်းတဲ့ ကိစ္စတွေ၊ အသက်မပြည့်သေးတဲ့သူတွေ ခိုင်းစေခံရတဲ့ ကိစ္စတွေပါ” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

အသက်မပြည့်သေးသူများ အဓမ္မခိုင်းစေခံရခြင်းဖြစ်စဉ် တိုင်ကြားမှုများအနက် အများစုသည် အလုပ်ရှင်များနှင့် အလုပ်သမားများ ကိုယ်တိုင်ပင် မသိရှိဘဲ ကျူးလွန်ခြင်းများဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေခြင်းခံရလျှင် ယခင်က ILO ကိုသာ တိုင်ကြားနိုင်ပြီး လက်ရှိတွင် အစိုးရသို့ တိုင်ကြားနိုင်သည့် ယန္တရားကို စတင်နိုင်ရန် အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

အဓမ္မခိုင်းစေမှု ဆိုသည်မှာ မည်သူတစ်ဦးတစ်ယောက်ကိုမဆို အလုပ်တစ်ခုခုကို မပြုလုပ်ပါက သို့မဟုတ် မလိုက်နာပါက တစ်စုံတစ်ရာ အပြစ်ပေးခံရမည်ဟူသော ခြိမ်းခြောက်မှုကြောင့် ထိုသူ၏ဆန္ဒ မပါရှိဘဲ လုပ်ကိုင်ရသည့် အလုပ်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ အထူးသဖြင့် အလုပ်သမားဆန္ဒ မပါရှိဘဲ လွန်ကဲသော အချိန်ပို ခိုင်းစေခြင်း၊ လုပ်အားခများ ထိန်းသိမ်းထားခြင်း၊ အကြွေးဖြင့် နှောင်တည်းခိုင်းစေခြင်း၊ ဆိုးရွားသော လုပ်ငန်းခွင်နှင့် နေရာထိုင်ခင်း အခြေအနေ ဆိုးရွားစွာခိုင်းစေခြင်း၊ ကိုယ်ထိလက်ရောက် သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ခြောက်လှန့်ခိုင်းစေခြင်း၊ အထောက်အထား စာရွက်စာတမ်းများကို သိမ်းယူထားခြင်း၊ သီးခြားထားရှိခိုင်းစေခြင်း၊ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ လှည့်ဖြားခြင်း၊ ဘဝရပ်တည် အားနည်းချက်အပေါ် အလွဲသုံးစားပြုခြင်း တို့သည်လည်း အဓမ္မခိုင်းစေမှုကို ညွှန်ပြသည့် အရိပ်လက္ခဏာများဖြစ်ပြီး ယင်းသို့ကြုံတွေ့ရပါက တိုင်ကြားရန်လည်း ဆိုထားသည်။

No comments:

Post a Comment