Sunday, May 26, 2019

တာချီလိတ်တွင် နိုင်ငံတော်ဘဏ္ဍာသိမ်းအဖြစ် သတ်မှတ်ထားသည့် ဆိုဒီယမ်ဆိုင်ယာနိုဒ် ကီလို (၁၈,၀၀၀)ကို လေလံဆွဲလိုသူ လက်ရှိတွင် စာရင်းအရ (၅)ဦးရှိနေ

Image may contain: outdoorရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့နယ်တရားရုံးက သက်သေခံပစ္စည်းဘဏ္ဍာသိမ်းဖြစ်ပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွင် အသုံးပြုသည့် ဆိုဒီယမ်ဆိုင်ယာနိုဒ်( Sodium Cyanide )များကို ၂၀ ၁၉ ခုနှစ်၊ မေလ (၂၉)ရက်နေ့၌ မြို့မရဲစခန်းတွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း အသိပေးထားရှိပြီးနောက် လေလံဆွဲဝယ်ယူမည့်သူ စာရင်းမှာ (၅)ဦးရှိကြောင်း သိရသည်။


ဆိုဒီယမ်ဆိုင်ယာနိုဒ် (၅၀)ကီလိုပါ သံပုံး စုစုပေါင်း(၃၆၀)တို့အား ခွင့်ပြုမိန့်သက်တမ်းရှိနေသည့် ရွှေသတ္တုတူးဖေါ်ရေးကုမ္ပဏီများအနေဖြင့် လေလံဆွဲနိုင်မည်ဖြစ်ပြီး ခရိုင်တရားရုံးလေလံတင်ရောင်းချရေးအဖွဲ့ရှေ့၌ ဈေးပြိုင်စနစ်ဖြင့် ဈေးအများဆုံးပေးသူကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပြုလွှာတင်သွင်းလိုသူများ အနေဖြင့် လေလံလျှောက်လွှာများကို မေလ (၁၀)ရက်နေ့မှ (၂၄)ရက်နေ့အတွင်း တစ်စောင်လျှင် ကျပ်(၁၀,၀၀၀)နှုန်းဖြင့် ဝယ်ယူပြီး တာချီလိတ်ခရိုင်တရားရုံးသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

လေလံအောင်သူအနေဖြင့် လေလံဆွဲဝယ်ယူသည့်တန်ဖိုး၏ (၂၅)ရာခိုင်နှုန်းကို နေ့ချင်းပေးသွင်းရမည်ဖြစ်ပြီး ပေးသွင်းခြင်း မပြုနိုင်ပါက လေလံထပ်တင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုဒီယမ်ဆိုင်ယာနိုဒ်များထံက ကီလို(၁၅,၀၀၀)အား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)နှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့တို့ သတင်းဖလှယ်ဆက်သွယ်ချက်အရ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သောသက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့်၂၀၁၈ခုနှစ် ဇွန်လ(၂)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်က ချစ်ကြည်ရေးအမှတ်(၂)တံတားတွင် ထိုင်းနိုင်ငံသား မောင်းနှင်လာသည့် (၁၀)ဘီးယာဉ်အတွင်းမှ ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ကျန်ရှိသည့် ကီလို(၃၀၀၀)အား တာချီလိတ်မြို့ မယ်ဟုတ်ရွာရှိ တာချီလိတ် - ကျိုင်းတုံသွားလမ်း ကားလမ်းတွင် ၂၀၁၈ခုနှစ် မတ်လ(၂၅)ရက်နေ့ နံနက်(၇)နာရီခွဲဝန်းကျင်အချိန်က အီတန်(၆)ဘီးယာဉ်ပေါ်မှ စစ်ဆေးရှာဖွေ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment