Sunday, May 26, 2019

တစ်ပတ်အတွင်း ကမ္ဘာ့ရေနံဈေး ခုနစ်ရာခိုင်နှုန်းခန့် ပြန်ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေးများ ဆက်တက်နေပြီး ဇန်နဝါရီလဆန်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်

တစ်ပတ်အတွင်း ကမ္ဘာ့ရေနံဈေးနှုန်း ခုနစ်ရာခိုင်နှုန်းကျော် ပြန်ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ဆက်တက်နေပြီး ဇန်နဝါရီလဆန်း ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများအရ သိရသည်။

ကမ္ဘာ့ရေနံဈေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာဝန်းကျင်အထိ မြင့်တက် ခဲ့ပြီးနောက် မေ ၂၀ ရက်တွင် ၆၃ ဒေါ်လာ ဝန်းကျင်၊ မေ ၂၄ ရက်တွင် ၅၈ ဒေါ်လာဝန်းကျင်အထိ တစ်ပတ်အတွင်း ခုနစ်ရာခိုင်နှုန်း ကျော်ပြန်ကျခဲ့သည်။ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည် ဇန်နဝါရီလဆန်းမှ မေလကုန်ပိုင်းအထိ ခြောက်လနီးပါး အတွင်း တစ်လီ တာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီ အမျိုးအစား အလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

မေ ၂၅ ရက်တွင် ပြည်တွင်းစက်သုံးဆီ ဆိုင်အချို့တွင် ရောင်းချနေသော ဈေးနှုန်းမှာ ဒီဇယ် တစ်လီတာ ၁၀၁၀ ကျပ် (တစ်ဂါလန် ၄၅၉၁ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ၁၀၂၀ ကျပ် (တစ်ဂါလန် ၄၆၃၇ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၉၁၅ ကျပ် (တစ်ဂါလန် ၄၁၆၀ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၉၈၅ ကျပ် (တစ်ဂါလန် ၄၄၇၈ ကျပ်) ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်တွင်ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇယ်တစ်လီတာ  ကျပ် ၁၆၀၊ ပရီမီယံဒီဇယ်တစ်လီတာ ၁၆၅ ကျပ်၊ 92 Ron တစ်လီတာ ၂၄၅ ကျပ်၊ 95 Ron တစ်လီတာ ကျပ် ၂၅၅ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ခြောက်လနီးပါးအတွင်း ဒီဇယ်ဆီ ၁၈ ဒသမ ၈၂ ရာ ခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၉ ဒသမ ၂၉ ရာခိုင်နှုန်း၊ 92 Ron ၃၆ ဒသမ ၅၆ ရာခိုင်နှုန်း၊ 95 Ron ၃၄ ဒသမ ၉၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။


၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယ ပတ်မှစတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိ သာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင် ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းသည် တဖြည်း ဖြည်း ဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့ သည်။ ဇန်နဝါရီ ၁ ရက်တွင် ၄၅ ဒေါ်လာဝန်း ကျင်၊ ဇန်နဝါရီ ၂၁ ရက်တွင် ၅၄ ဒေါ်လာဝန်း ကျင်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၅၂ ဒေါ်လာ၊ မတ် ၂၀ ရက်တွင် ဒေါ်လာ ၆၀၊ ဧပြီ ၁၆ ရက် တွင် ၆၄ ဒေါ်လာ၊ ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ် လာအထိ ပြန်တက်ခဲ့ပြီး မေ ၂၃ ရက်တွင် ၅၇ ဒေါ်လာအထိ ကျဆင်းခဲ့သည်။

ဒေါ်လာဈေးနှင့် ကမ္ဘာ့ရေနံဈေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင် ဈေးနှုန်းများ အနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိဖြစ်ပေါ် ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်ဈေးနှုန်းနောက် ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့် ဆုံးဈေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၆၇၀ (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၇၃၀ (တစ်ဂါလန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီဈေးနှုန်း (လီတာ) များအလိုက် မြင့် တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ် ၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ ဈေးနှုန်းများ ဆက်လက်မြင့်တက် ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀ဝ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ် ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်ဈေးနှုန်း နှိုင်းယှဉ်ပါက လပေါင်း ၃၀ ကျော်အတွင်း ဒီဇယ် ၁၁၉ ရာ ခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀၅ ရာခိုင်နှုန်း၊ 92 Ron ၉၄ ရာခိုင်နှုန်း၊ 95 Ron ၇၂ ရာခိုင်နှုန်း ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment