Sunday, May 26, 2019

ဆည်းဆာကို ငဲ့စောင်းကြည့်လေသော်

ကျွန်တော် ဆည်းဆာတွေ ကို ချစ်သည်။ ချစ်၍လည်း တစ် နေ့ပြီးတစ်နေ့ ရောက်တိုင်း ဆည်း ဆာတွေကို ငေးကြည့်ဖို့အမြဲအား ထုတ်ဖူးသည်။ သို့သော် ကြည့်ရ သည်လည်းရှိ၏၊ မကြည့်ရသည် လည်းရှိ၏။ တကယ်တော့ နေ့ တစ်နေ့၏အလှတွင် ဆည်းဆာ လည်းပါသည်။ ဟုတ်သည်။ ဆည်းဆာသည် တကယ်လှ၏။



ဟိုး...အနောက်ဘက် မိုး ကုပ်စက်ဝိုင်းဝယ် တိမ်အထပ် ထပ်တွေကြား ပုစွန်ဆီရောင်တို့ အလွှာလိုက် အလွှာလိုက်ဖြစ် တည်နေပုံကပင် ဆည်းဆာ၏ အလှ။ သည်အလှက ကျွန်တော့် နှလုံးသားကို အမြဲဖမ်းစားတတ် သည်။ သေသေချာချာကြည့်လျှင် ဆည်းဆာသည် ကောင်းကင်ပြင် ၌ နတ်ရေးသည့်ပန်းချီကားတစ် ချပ်နှယ် လှပသန့်စင်လွန်းပါ၏။ တိတိပပပြောရလျှင် ဘယ်ပန်းချီ ရေးလို့မမီသည်မှာ ဆည်းဆာ၏ အလှပင်။ ဆည်းဆာရောက်ပြီဆို လျှင် ကမ္ဘာလောကတစ်ခွင်သည် လှချင်တိုင်းလှနေသလို တင့် တယ်ချင်တိုင်း တင့်တယ်နေတော့ သည်။ ဪ...ဆည်းဆာက သိပ်လှ၏။

အမှန်တော့ ဆည်းဆာကို ချစ်သောစိတ်၊ ဆည်းဆာကို မျှော်ငေးလိုသောစိတ်သည် ကျွန် တော့်ထံတွင် ယခုမှပေါ်လာသည် မဟုတ်။ ဟိုး...ရှေ့မဆွငယ်စဉ်က တည်းက ဆည်းဆာ၏အလှကို ကျွန်တော်ခံစားခဲ့မိခြင်းသာ။ ငယ် စဉ်ကဆို အဘယ်အလုပ်ပင် လုပ် နေပါစေ ဆည်းဆာချိန်ရောက်ပြီ ဆိုသည်နှင့် ရွာအနောက်ဘက် လယ်ကွင်းတွေဘက် ပြေးထွက် သွားမိသည်။ ပြီးလျှင် ကန်သင်းရိုး ပေါ်ထိုင်ကာ နေ၀င်ဆည်းဆာကို ကိုယ်ပိုင်ပန်းချီတစ်ချပ်နှယ် စိတ် ကျေနပ်သည်အထိ ထိုင်ကြည့် ငေးမောခဲ့ဖူးသည်။ လှသည်၊ ကြည့်တိုင်းလည်းလှသည်ဟု ရေ ရွတ်မိသလို ညဘက်အိပ်ရာဝင် ချိန်ပြန်စဉ်းစားလျှင်လည်း လှ သည်ဟုသာ ဆင်ခြင်သုံးသပ်မိ သည်။

သို့သော် တက္ကသိုလ်တက်ဖို့ ရန်ကုန်မြေသို့ ခြေချလိုက်သော အခါ ကျွန်တော့်ဘ၀ထဲတွင် ဆည်းဆာသည် တိုက်တာအိုးအိမ် တွေအကြား တူတူပုန်းတမ်းကစား တော့သည်။ တစ်ခါတစ်ရံ အထပ် မြင့်တိုက်တွေအကြား သူရှောင် တိမ်းတတ်လာသည်။ အုံ့မှိုင်းမှိုင်း ဝေဟင်ထက်ဝယ် သူပုန်းခိုတတ် လာ၏။ လမ်းမထက်တွင် ခြေစုံ ရပ်နေသော ကျွန်တော့်အတွက် ဆည်းဆာသည် ဘယ်ဝယ်ရှိသည် မသိ။ ဘ၀သမားမို့ ဆည်းဆာ သည် ကဗျာမဆန်နိုင်တော့သည် ထင်ပါ့။ တစ်ခါတလေတော့ လည်း ဒလဆိပ်ကမ်းဘက်သွား ကာ ဆည်းဆာကို နှုတ်ဆက်မိ သည်။ သို့သော် အမြဲတမ်းတော့ မဟုတ်။

သည့်ထက်ပိုဆိုးသည်က လုပ်ငန်းခွင်ဝင်ရသောအခါ တစ် ခါတစ်ရံဆည်းဆာတွေကို ကြည့် ဖို့ပင် အချိန်မရဖြစ်လာသည်။ တစ်ခါတစ်ရံ ကြည့်မိလျှင်လည်း ဆည်းဆာ၏အလှက စိတ်ထဲသိပ် ပြီးမကိန်းဝပ်ခဲ့။ အလုပ်၏ပင်ပန်း ခြင်း၊ စိတ်၏မောပန်းခြင်း၊ဘ၀၏ ညည်းညူခြင်းတွေအကြား ဆည်း ဆာပင် အသက်မ၀င်ချင်။ ထို့ ကြောင့် တစ်ခါတလေ ကျွန် တော်ချစ်သော ဆည်းဆာအ တွက် ကျွန်တော်အချိန်ပေးခဲ့မိ သည်။ အလုပ်တွေပစ်ထားခဲ့မိ သည်။ အမောတွေ ဖယ်ထားခဲ့မိ သည်။ ညစ်ညူးနွမ်းလျမှုတွေ၊ စိတ်ပျက်အားငယ်မှုတွေ အား လုံးအားလုံး ဘေးချိတ်ထားခဲ့မိ သည်။ ဟုတ်သည်။ တစ်ခါတစ်ရံ ကျွန်တော်သည် စိတ်လွတ်ကိုယ် လွတ်ဆည်းဆာ၏အလှကို ထိုင် ငေးပစ်ခဲ့သည်။ သို့သော် လူတိုင်း ငေးကြပါ၏လော။

ငေးသင့်သည်။ ကျွန်တော် တို့အားလုံး တစ်နေ့တာ၏ မော ပန်းမှုတွေကို ဖြေဖျောက်ဖို့ ဆည်း ဆာ၏အလှကို ခဏဖြစ်ဖြစ်ငေး သင့်သည်။ ယခုတော့ ကျွန်တော် တို့အားလုံး စက်ရုပ်ပမာ။ နေ ထွက်မှ နေ၀င်အထိ အလုပ်၏ ဇက်ကြိုးအဆွဲကို လည်စင်းခံနေရ သည်။ မောမောပန်းပန်းတွေနှင့် တစ်နေကုန်ခဲ့ရသည်။ ညစ်ညစ် ညူးညူး၊ ထိုင်းထိုင်းမှိုင်းမှိုင်းတွေနှင့် တစ်နေ့တာကို ဖြတ်သန်းခဲ့ရ သည်။ အဘယ်မှာလဲ နားနေချိန်။ အဘယ်မှာလဲ သာယာကြည်နူး ချိန်။ အဘယ်မှာလဲ အလှအပစစ် စစ်။ အဘယ်မှာလဲ လောကသ ဘာဝအလှတရား။ အရာအားလုံး ပျောက်ရှနေပြီမဟုတ်ပါလော။ ရှိ စေတော့...။

တကယ်တော့ ဆည်းဆာဟူ သည် တစ်နေ့တာ၏ အိပ်တန်းဝင် ချိန်။ ကမ္ဘာကြီးကို ဒေါင်းဖန်ဝါနေ မင်းကြီးက ပန်းချီကားတစ်ချပ်ဖြင့် လက်ပြနှုတ်ဆက်ချိန်။ တစ်နေ့ တာ၏ အလှနတ်သမီးတို့ ကခုန် မြူးထူးချိန်။ သက်ရှိသတ္တ၀ါတို့ အား အလှတရားစစ်စစ်ဖြင့် ခဏ တာထိတွေ့ခွင့်ပေးချိန်ဖြစ်ပါ၏။ ထို့အပြင် ဆည်းဆာဟူသည် နေ ၀င်တော့မည်ဟု သတိပေးခြင်း၊ တစ်နေ့တာ ကုန်ဆုံးပြီဖြစ် ကြောင်း စေ့ဆော်ပေးခြင်းလည်း မည်ပေသည်။ ဆိုတော့... ကျွန် တော်တို့ဘ၀တွင် တစ်နေ့တာ ကုန်ဆုံးခဲ့သည်နှင့် ဘာတွေရခဲ့ကြ သနည်း။ ကုသိုလ်တွေလား၊ အ ကုသိုလ်တွေလား၊ ပညာတွေ လား၊ ဥစ္စာတွေလား၊ အတ္တတွေ လား၊ မာနတွေလား။ သို့တည်း မဟုတ် လောဘ၊ ဒေါသ၊ မောဟ တွေများလား။ ရတော့ ရကြမည် သာ။

နေ့တွေကလည်း တစ်နေ့ ပြီးတစ်နေ့ကုန်နေမည်သာ။ နေ့ တစ်နေ့ကုန်သည်နှင့် ဆည်းဆာ ဟူသည်ရှိတတ်စမြဲ။ ဆည်းဆာ ပြီးသည်နှင့် ကျွန်တော်တို့သည် ညဟူသော မဟူရာဆောင်လွှာကို သိုင်းခြုံကာ အိပ်စက်ရတော့မည်။ ထိုသို့ သိုင်းခြုံအိပ်စက်ခါနီးတိုင်း တစ်နေ့တာအတွက် သုံးသပ်မိ ကြပါရဲ့လား။ ဒီတစ်နေ့ ငါဘာ လုပ်ခဲ့သလဲ။ အကောင်းတွေလုပ် မိရဲ့လား။ဒါမှမဟုတ် အဆိုးတွေ လုပ်မိသွားသလား။ တကယ် တော့ တစ်နေ့တာသည် တို တောင်းလွန်းပါ၏။ သည့်အပြင် တစ်နေ့တာတွေ ပေါင်းစပ်ဖွဲ့ တည်ထားသည့် ကျွန်တော်တို့၏ ဘ၀နှင်းမြူစက်ကလေးများက လည်း သက်တမ်းအားဖြင့် တို တောင်းလွန်းသည် မဟုတ်ပါ လော။

ရသမျှအချိန်ကလေး၊ လူ ဖြစ်ခွင့်ရနေချိန်ကလေးအတွင်း တွင် ကျွန်တော်တို့ဘာတွေလုပ် သွားကြမည်နည်း။ အမှန်တော့ ဘာပဲလုပ်လုပ် သမိုင်းဟူသည် ကျန်ပြီးသားပင်။ ကျွန်တော်တို့ သည် အနာဂတ်တွင် ဘာဖြစ်လိမ့် မည်ဟု ခန့်မှန်းစရာမလို။ ပစ္စုပ္ပန် တွင် ဘာလုပ်နေသည်ဆိုခြင်းက အနာဂတ်တွင် ဘာဖြစ်မည်ကို ပြဋ္ဌာန်းပါလိမ့်မည်။ ဖြတ်သန်း လာသော ဆည်းဆာတွေက လှပ ခဲ့ပြီးပြီလော။ သေချာသည်က ဆည်းဆာဟူသည် နေ့စဉ်ရှိနေ မည်သာ။

ဆရာခရမ်းပြာထက်လူ၏ ကဗျာတစ်ဝက်ကို ပီပီသသရွတ် ကြည့်မိ၏။

‘တစ်ကိုယ်လုံး
ဆုတ်ဖြဲခံထားရသလို
အကြွင်းအကျန်နဲ့
ဘ၀ဟာ
နေကြာပန်းတစ်ပွင့်နဲ့ စပြီး အနေကြာပန်းတစ်ပွင့်နဲ့
ဆုံးရတယ်’
ဟူသတည်း။ ကျွန်တော်တို့ တွေစခဲ့သည်။ ဟုတ်သည်။ ဘ၀ ကို နေကြာပန်းတစ်ပွင့်ကဲ့သို့ ငွား ငွားစွင့်စွင့်၊ တင့်တင့်တယ်တယ်၊ သွက်သွက်ချာချာ၊ ဖျတ်ဖျတ် လတ်လတ်စခဲ့ဖူးသည်။ထို့နောက် အတ္တတွေကို နဖားကြိုး ထိုးပြီး တစ်ရက်ပြီးတစ်ရက် ဒုန်း စိုင်းမောင်းပြေးခဲ့သည်။ မောင်း ပြေးနေသေးသည်။ ဖြတ်ကျော်ခဲ့ ဖူးသော ဆည်းဆာများကို ခဏမျှ ရပ်တန့်မကြည့်မိခဲ့။ သံပတ်ပေး ထားသည့် အရုပ်ပမာ အရှိန် ကောင်းနေတုန်း။ သံပတ်ရပ်မှာ မေ့နေမိ၏။ ဟုတ်သည်။ ကျွန် တော်တို့အားလုံးမေ့နေမိသည်။ တချို့က မေ့ချင်ယောင်ဆောင်ခဲ့မိ သည်။ နောက်ဆုံးတော့ ဘ၀နေ ၀င်ချိန်သည် မုချပက်ပင်းတိုးမည် မဟုတ်ပါလော။ ထိုအခါမှ ဆည်း ဆာတွေကို တောင့်တလို့မရ စကောင်းတော့ပေ။

စဉ်းစားမိသည်။ ဘ၀ဟာ တစ်နေ့ခရီးနှင့်တူ၏။ နေထွက်ရှိ သလို နေ၀င်းလည်းရှိသည်။ တစ် နေ့ခင်းလုံး ဘာတွေဘယ်လိုလုပ် ပြီး နေ၀င်ရင်ဘယ်ဆီမြန်းကြ မည်နည်း။ ကျွန်တော်တို့တစ်တွေ အဘယ်ကြောင့် ဘ၀တွေရခဲ့သ နည်း။ အဘိဓမ္မာဆန်ဆန်ချဲ့ကား ပြလျှင် ရှည်လျားလှသည်။ ဇာတ် မင်းသား မန္တလေးသိန်းဇော်ဟု အများသိသော ကဗျာဆရာK ဇော်ကတော့ ဤသို့ဆို၏။

‘ယူထားတာတွေ
ပြန်ပေးဖို့နဲ့
ပေးထားတာတွေ
ပြန်ရဖို့အတွက်
ဘ၀ဖြစ်ရတာပါ’ တဲ့။
နှစ်သက်ခုံမင် မြတ်နိုးမိ သည်။ ဟုတ်သည်။ ကျွန်တော်တို့ ဘ၀ကိုတည်ဆောက်ဖြည့်တင်း ရာ၌ ကျွန်တော်တို့တွေ ဘယ်သူ များဆီက ဘာတွေယူခဲ့ပါသ နည်း။ ထိုအရာများ ပေးပြီးပြီ လော။ ထို့အတူ ဘယ်သူများဆီ သို့ ဘာတွေပေးခဲ့ဖူးသနည်း။ ပြန် ကောရပြီးပါပြီလား။ သေချာသည် မှာ ပေးထားသမျှပြန်ရလိမ့်မည်။ ထို့အတူ ယူထားသမျှကိုလည်း ပြန်ပေးရမည်။ သံသရာရဟတ်က အလည်မြန်လွန်းပါပေ့။ ဤသည် ပင် မြတ်ဘုရားမိန့်သည့် ကံ၊ ကံ ၏အကျိုးမဟုတ်ပါလော။

ဘ၀ရယ်လို့ ဖြစ်တည်လာ လျှင် ကျွန်တော်တို့အားလုံးယူရုံ ဖြင့်မပြီးသေးပေ။ ပေးတတ်ဖို့နှင့် ပေးနိုင်ဖို့လည်း လိုပေသေးသည်။ အများစုက ယူချင်ကြသည်။ မပေးချင်ကြ။ သို့သော်မရ။ နေ ၀င်သည်နှင့်အရာအားလုံးပေးခဲ့ရ မည်သာ။ သည့်အတွက် အဘယ့် ကြောင့် ယူကြမည်နည်း။ ပေးနိုင် ဖို့ကြိုးစားရမည်။ အချိန်စက်ဝန်း ကြီးက အသံတိတ်နေပေမယ့် ရပ်တန့်ခြင်းတော့ မရှိပါချေ။ ထို အချိန်နှင့်အတူ ကျွန်တော်တို့၏ နေ့ရက်တိုင်းသည် ကျွဲကူးရေပါ ဆိုသလို ကပ်ပါနေမည်သာ။ တစ်နေ၀င် တစ်နေထွက်လို့ဆည်း ဆာတွေလည်း အခါခါပြောင်းပြီး အဖန်ဖန် ပြန်လာနေဦးမည်။ ဆည်းဆာဟူသည် ဘ၀အလှတ ရားဖြစ်သလို ဘ၀နိဂုံးကို သတိ ပေးသည့်အချက်ပေးသံလည်း ဖြစ်ပေသည်။

ဘာပဲပြောပြော ကျွန်တော် တို့တစ်တွေ ဆည်းဆာတွေကိုမေ့ မထားသင့်။ ဆည်းဆာတွေသည် နက်ရှိုင်းလွန်းသည်။ သိမ်မွေ့ လွန်းသည်။ အဘိဓမ္မာဆန်လွန်း သည်။ သူသည် အလှတရားကို ဆောင်သကဲ့သို့ အမှောင်လမ်းသို့ ဦးတည်ရာလည်းပြနေပေသည်။ လူတိုင်း ဆည်းဆာနှင့် နီးကပ်သ လို လူတိုင်းလည်း ဆည်းဆာကို မမြင်ကြချေ။ ဤသည်ပင် လော ကနိယာမဟု ခေါင်းစဉ်တပ်ရမလို လို။

မည်သို့ပင်ဆိုပါစေ ...လော ကကြီး၏ နေ၀င်ချိန်အတွက် ဆည်းဆာဟူသောကန့်လန့်ကာ ရှိသလို ကျွန်တော်တို့ထံတွင်လည်း ဘ၀နေ၀င်ချိန်တွက်ဆည်းဆာဟူသော ကန့်လန့်ကာရှိပေ၏။ သို့သော် လူတိုင်းမမြင်နိုင်ပေ....။

No comments:

Post a Comment