Friday, May 10, 2019

အကျဉ်းထောင်ဆူပူမှုနှင့်ပတ်သက်၍ သံသယရှိဟု ဒီချုပ်အမတ်များပြော

လတ်တလောဖြစ် ပွားနေသည့် အကျဉ်းထောင်များ အတွင်း ဆူပူဆန္ဒပြမှုဖြစ်စဉ်များ သည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက် စေ၍ သက်ဆိုင်ရာ အာဏာပိုင် များအနေဖြင့် အမြန်ဆုံးဖြေရှင်း ရန် လိုအပ်ကြောင်း ဒီချုပ်အမတ် များက တိုက်တွန်းသည်။ ‘‘ပြည်ထဲရေးဝန်ကြီးဌာနကို နိုင်ငံတော်သမ္မတက နေပြီးတော့ သတ်မှတ်ချက်တွေနဲ့ ဒါတွေလွှတ် သင့်တယ်။ ဒါတွေမလွှတ်သင့်ဘူး ဆိုတာ ပေးလိုက်ပြီးသား။ ဝန်ထမ်းတွေရဲ့ချို့ယွင်းချက်ကြောင့် မမျှ တဘူးဆိုတာ ပေါ်လွင်လာတယ် လို့ပဲ ထင်တယ်။ ဒီကိစ္စကိုတော့ ဌာနတွင်းလည်း ရှင်းရမယ်။ လော လောဆယ်တော့ အကြီးအကဲတွေ ကိုယ်တိုင်သွားပြီးတော့ ရှင်းသင့် တဲ့ နေရာတွေကို ရှင်းဖို့လိုပါ တယ်’’ ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏လွတ်ငြိမ်းသက်သာခွင့်ဖြင့် အ ကျဉ်းသား ပြန်လည်လွှတ်ပေးရာ တွင် မမျှတမှုများရှိနေသည်ဆို ကာ အကျဉ်းထောင်အချို့တွင် ဆန္ဒပြမှုနှင့် ဆူပူမှုဖြစ်စဉ်များ ဆက်တိုက်ပေါ်ပေါက်နေသည်။

အဆိုပါဖြစ်စဉ်များအနက် အချို့ကို အကျဉ်းထောင်အတွင်း အကျဉ်းကျနေသူများက လူမှုကွန်ရက်စာမျက်နှာတွင် တိုက်ရိုက် ထုတ်လွှင့်ခြင်းများရှိရာ တာဝန် ရှိသူများ၏ကိုင်တွယ်ဆောင်ရွက် မှုအပေါ် ဝေဖန်မှုများရှိသည်။ ဒီချုပ်အမတ်အချို့ကလည်း လတ်တလော ထောင်ဆူပူမှုဖြစ်စဉ်များ သည် လွတ်ငြိမ်းသက်သာခွင့်မမျှ တမှုကြောင့် ပေါ်ပေါက်လာသည် ဆိုခြင်းအပေါ် သံသယရှိကြောင်း ဆိုသည်။

‘‘လွတ်ငြိမ်းအပေါ်မှာ ဖြစ်ကြတဲ့ပြဿနာ ရိုးရိုးလေးမဟုတ်ဘူး။ ဒီထက်ဆန်းကြယ်တာတွေ ရှိမယ် လို့ သုံးသပ်ပါတယ်။ ကျွန်မလည်း နိုင်ငံရေးအကျဉ်းသူဘဝနဲ့ ထောင်ထဲ နှစ်ရှည်နေခဲ့ဖူးသူပဲ။ အရင် ခေတ်များစွာ ၄၀၁ နဲ့ လွှတ်ခဲ့ကြ တုန်းက ဘာမှ မဖြစ်ခဲ့ဘူး။ ထောင်မှာ အကျဉ်းထောင်လက်စွဲအရ လည်း လူစုလို့မလွယ်ဘူး၊ ထောင်ဆူဖို့ မလွယ်ဘူး။ မလွယ်တဲ့အရာ လွယ်နေတာဟာ စဉ်းစားစရာဖြစ် တယ်’’ဟု အိမ်မဲအမတ် ဒေါ်သန္တာ က မှတ်ချက်ပြုသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် သည် မြန်မာနှစ်သစ်ကူး အထိမ်း အမှတ်အဖြစ် ဧပြီ ၁၇ ရက်၊ ၂၆ ရက်နှင့်မေလ ၇ ရက်တို့တွင် နိုင်ငံ သားအကျဉ်းသားဦးရေ ၂၃,၀၀၀ ကျော်နှင့် နိုင်ငံခြားသား ၁၆ ဦးတို့ ကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့သည်။ ထိုသို့ လွတ်ငြိမ်းသက်သာခွင့်ပြုပြီးနောက်   အကျဉ်း ထောင်အချို့တွင် ထောင်ဆူသည့် ဖြစ်စဉ်များပေါ်ပေါက်ပြီး မေလ ၈ ရက်နှင့် ၉ ရက်တို့၌လည်း ဘားအံ၊ကလေး၊ ရွှေဘို၊ ပုသိမ်နှင့် မြစ်ကြီးနားအကျဉ်းထောင်များတွင် ဆူပူမှုဖြစ်စဉ်များ ဆက်လက်ဖြစ်ပွား ရာ သက်ဆိုင်ရာက ပစ်ခတ်ထိန်း သိမ်းရသည့် ဖြစ်စဉ်အချို့လည်း ရှိခဲ့ကာ လူသေဆုံးမှုရှိခဲ့သည်။

‘‘အဲဒီလိုကူးစက်အောင် ဘယ်သူက သတင်းပို့လို့ သိသလဲ။ အဲဒီလိုဖုန်းဆက်သွယ်လို့မှ မရဘဲ။ဒီထောင်မှာ ဆူနေပြီ၊ ဟိုထောင် လည်း ဆူကြဆိုတာက ဒီလူတွေ ကို တရားဝင်ဆူခွင့်ပေးထားသ လား။ ထောင်က မဆူရဲဘူးနော်။ လှုပ်လှုပ်လှုပ်လှုပ်ဆိုရင် အရိုက်ခံ ရတာ၊ အဲဒါကို ညီညီညာညာ တစ်ပြိုင်တည်းဆူလို့ရအောင် ဘယ်သူက သတင်းစကားပေးနေလဲ’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝေလှိုင်ထွန်းက မေးခွန်း ထုတ်သည်။

လက်ရှိဖြစ်စဉ်များနှင့်ပတ် သက်၍ သက်ဆိုင်ရာ အာဏာပိုင် များအနေဖြင့် လွတ်ငြိမ်းသက်သာ ခွင့်ပြုသည့်စည်းကမ်းသတ်မှတ် ချက်များကို အကျဉ်းသားများအား ရှင်းပြရန် လိုအပ်ပြီး မမှန်မကန် ဆောင်ရွက်မှုများရှိပါကလည်း စိစစ်အရေးယူသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက အကြံပြုသည်။ ‘‘အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့သူတွေလည်း ကိုယ် ဘယ်လိုကြောင့် လွှတ်တဲ့အထဲမှာ ပါသင့်တယ်ဆိုတာ အခုလို နည်း နဲ့မဟုတ်ဘဲ တစ်ဦးချင်းပဲဖြစ်ဖြစ် ပေါ့၊ ဘာကြောင့် လွတ်သင့်တယ် ဆိုတာ လွတ်သွားတဲ့လူတွေနဲ့ နှိုင်းယှဉ်ပြီးတော့ တင်ပြသင့်တာပေါ့။ ဒီလိုတင်ပြနိုင်ဖို့ လမ်းကြောင်းကို လည်း သက်ဆိုင်ရာက စီစဉ်ပေး ဖို့လိုတယ်’’ဟု တွံ့တေးအမတ် ဦးမြင့်လွင်က ပြောသည်။

No comments:

Post a Comment