Friday, May 10, 2019

လွတ်ငြိမ်းသက်သာခွင့်အလွန် ထောင်ဆူပူမှုများ ဘာကြောင့်ဖြစ်ပွားသလဲ

သမ္မတက လွတ်ငြိမ်းသက်သာခွင့် (၃)ကြိမ်ပေးပြီးနောက် အကျဉ်းထောင်တခုပြီးတခု ဆူပူဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင် တန်းတူညီမျှမှုမရှိခြင်းကြောင့် ဟူသော အကြောင်းပြချက်ဖြင့် ယင်းသို့ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းအကြောင်းပြချက်အပေါ် သံသယဖြစ်မှုများလည်းရှိသည်။ အကျဉ်းထောင်များရှိ အကျဉ်းသားများကြားတွင် ကွန်ရက်ချိတ်ဆက်ထားမှု မရှိသော်လည်း ကွန်ရက်ချိတ်ဆက်ထားသည့်ပုံစံဖြင့် ဆူပူဆန္ဒပြမှုများဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းမှာ ထူးခြားချက်ဟု ဆိုနိုင်သည်။



နိုင်ငံတော်သမ္မတက ၁၃၈၁ ခုနှစ်၊ မြန်မာနှစ်သစ်ကူးကာလ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အဖြစ် ပထမအကြိမ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ကို ဧပြီ ၁၇ ရက်တွင်ထုတ်ပြန်ခဲ့ပြီး အကျဉ်းထောင်/စခန်းအသီး သီးမှ နိုင်ငံသားအကျဉ်းသား/သူ ၉၅၃၅ ဦးကို လွှတ်ပေးခဲ့သည်။ ဒုတိယအကြိမ်လွတ်ငြိမ်းသက်သာခွင့်အ မိန့်ကို ဧပြီ ၂၆ ရက်တွင်ထုတ်ပြန်ခဲ့ပြီး နိုင်ငံသားအကျဉ်းသား/သူ ၆၉၄၈ ဦးကိုလွှတ်ပေးခဲ့သည်။ တတိယ အကြိမ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ကို မေ ၇ ရက်တွင်ထုတ်ပြန်ခဲ့ပြီး အကျဉ်းသား/သူ ၆၅၂ဝ ဦးကို လွှတ်ပေးခဲ့ သည်။ (၃)ကြိမ်ပေါင်းလျှင် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည့် နိုင်ငံသားအကျဉ်းသား/သူဦးရေမှာ ၂၃ဝဝ၃ ဦးဖြစ်သည်။ တတိယအကြိမ်လွတ်ငြိမ်းသက်သာခွင့်တွင် မူးယစ်မှုဖြင့်ပြစ်ဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား/သူ အများစုပါဝင်ခဲ့သည်။

ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်ပေးသည့် ဧပြီ ၁၇ ရက် ညပိုင်းတွင် မုပ္ပလင်အကျဉ်းစခန်း၌ ဆူပူဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။ ဧပြီ ၂ဝ ရက်ညပိုင်းတွင် စစ်တွေအကျဉ်းထောင်၌ ဆူပူဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီး သေနတ်ပစ် ဖောက်၍ လူစုခွဲခဲ့ရသည်။ ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် ရွှေဘိုအကျဉ်းထောင်၌ဆူပူဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သွားရောက်၍ အကျဉ်းသားများ၏ တင်ပြတောင်းဆိုမှုများ ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်ဟုဆိုသည်။ ယင်းဆူပူဆန္ဒပြမှု ၃ ခုမှာ ပထမ အကြိမ်လွတ်ငြိမ်းသက်သာ ခွင့်ပေးပြီးနောက် ဖြစ်ပေါ်ခဲ့သည့်ဆူပူဆန္ဒပြမှုများ ဖြစ်သည်။

ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်နှင့် တတိယအကြိမ်လွတ်ငြိမ်းသက်သာခွင့်ကြားတွင် ဆူပူဆန္ဒပြမှုများ မရှိခဲ့ဘဲ တတိအကြိမ်ပြီးနောက်တွင် ဆူပူဆန္ဒပြမှုများဆက်တိုက်ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ မေ ၇ ရက် ညပိုင်းမှစတင်ကာ ဘားအံအကျဉ်းထောင်၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ မေ ၈ ရက် နေ့လယ်ပိုင်းတွင် ဆူပူဆန္ဒပြမှုများ ပိုမိုအရှိန်မြင့်တက်ခဲ့ပြီး မေ ၉ ရက် နံနက်ပိုင်းတွင် အခြေအနေကိုထိန်းသိမ်းနိုင်ပြီဟု တာဝန်ရှိသူများကပြောဆိုခဲ့သည်။ မေ ၈ ရက် နံနက်ပိုင်းမှစတင်ကာ မော်လိုက်ကလေး အကျဉ်းထောင်၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းကြောင့် နေ့လယ်ပိုင်းတွင် ပြေလည်မှုရရှိခဲ့သည်ဟုဆိုသည်။ မေ ၈ ရက် ညနေ ၄ နာရီဝန်းကျင်မှ စတင်ကာ ရွှေဘို အကျဉ်းထောင်၌ ဆန္ဒပြဆူပူမှုများ ထပ်မံဖြစ်ပွားခဲ့သည်။ ညပိုင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ပစ်ခတ်ထိန်းသိမ်းခဲ့ရပြီး အကျဉ်းသား ၄ ဦးသေဆုံး ကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ မေ ၉ ရက် နံနက်ပိုင်းတွင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ညှိနှိုင်းဆောင်ရွက်ပေးရန် လာရောက်ခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ဘဲဆူပူ ဆန္ဒပြမှုများမှာညနေပိုင်းအထိ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ မေ ၉ ရက်တွင် မြစ်ကြီးနားအကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်နှင့် ရွှေဘိုအကျဉ်းထောင်တို့၌လည်း ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။

မေ ၈ ရက် ညပိုင်းတွင် ရွှေဘိုအကျဉ်းထောင်အတွင်း ဆူပူဆန္ဒပြမှုအခြေအနေများကို KyalZin ဆိုသော ဖေ့စ်ဘွတ်ခ်အကောင့်က Live ထုတ်လွှင့်ပြသခဲ့ကြောင်း သတင်းတချို့တွင် ဖော်ပြခဲ့သည်။ ယင်း Live ထုတ်လွှင့်သူမှာ အကျဉ်းသားလား၊ အကျဉ်းထောင်ဝန်ထမ်းလားဆိုသည်ကို မသိရပေ။ မော်လိုက်ကလေး အကျဉ်းထောင်၌ ဆူပူဆန္ဒပြရာတွင် ''လွတ်ငြိမ်းသက်သာတန်းတူရရှိရေး ဒို့အရေး၊ မီဒီယာများနှင့် ချက်ချင်းတွေ့ဆုံပေးရေး ဒို့အရေး၊ အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံပေးရေး ဒို့အရေး၊ လူ့အခွင့်အရေး ကော်မရှင်နှင့်တွေ့ဆုံပေးရေး ဒို့အရေး”စသည့် စာသားများရေးထားသောဗီနိုင်းများအား ကိုင်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။

ဆူပူဆန္ဒပြမှုများနှင့်ပတ်သက်၍ News Watch မှ အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးမင်းထွန်းစိုးထံ မေ ၈ ရက်တွင် ဆက်သွယ်မေးမြန်းရာ ''အကျဉ်းသားများရဲ့တင်ပြချက်များကို အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြပေးသွားမည်''ဟု ပြောကြားခဲ့သည်။ ဆက်စပ်အကြောင်းအရာများနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် မေ ၉ ရက်တွင် ဦးမင်းထွန်းစိုးထံ ထပ်မံဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိခဲ့ပေ။

ထောင်တွင်းဆူပူဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေမှုအပေါ် ထောင်မှူးကြီးဟောင်းဦးခင်မောင်မြင့်က ''ဒီလို တထောင်ပြီးတထောင်ဆူပူမှုဖြစ်တာက ၁၉၇၅ တုန်းကတကြိမ်၊ ၈၈ တုန်းကတကြိမ် ဖြစ်ဖူးတယ်။ ဒါပေမဲ့ ဒီလောက်မမြန်ဘူး။ နှစ်ရက်၊ သုံးရက် ခြားပြီးမှဖြစ်တယ်။ ခုခေတ်က IT ခေတ်ဆိုတော့ ပိုမြန်တာပေါ့။ အခုဆူပူမှုက တပြိုင်တည်းလိုလိုဖြစ်တာဆိုတော့ အပြင်ကကြည့်ရင်လုပ်ကြံမှုပါတယ်လို့ ထင်စရာရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့အမြင်က ဒါသည်ဖြစ်ရိုးဖြစ်စဉ်၊ ဘာကြောင့် ဒီလိုပြောသလဲဆိုရင် လွတ်ငြိမ်းသက်သာ ခွင့်ပေးရင် နောက်ဆက်တွဲအနေနဲ့ ဒါမျိုးတွေကဖြစ်တတ်လို့။ ပြောရရင် ဆူပူမှုက ဒီမတိုင်ခင်ကတည်းက ဖြစ်ဖို့ရှိနေပုံပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထောင်တွေထဲမှာ လူတွေကကျပ်နေတယ်။ ပြီးတော့ ရာသီဥတုကပူ တယ်။ ဒီတော့ အလိုလိုနေရင်း လူတွေကပေါက်ကွဲချင်နေတဲ့ သဘောရှိတယ်။ အခု လွတ်ငြိမ်းကလာဆောင့် တော့ ပေါက်ကွဲတာပေါ့။ လွတ်ငြိမ်းက မီးပွားဖြစ်သွားတာပေါ့''ဟု သုံးသပ်ပြောကြားသည်။

နောက်တချက်မှာ အထွေထွေလွတ်ငြိမ်းသက်သာနှင့် ယခုပေးသည့် လွတ်ငြိမ်းသက်သာခွင့်မတူသည်ကို သဘောမပေါက်၍လည်းဖြစ်နိုင်ကြောင်း၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်မှာ ပြစ်မှုပြစ်ဒဏ်များအားလုံးကို လျှော်ပေး၍ လွှတ်ပေးခြင်းဖြစ်ပြီး ထောင်ခါသည်ဟုပြောကြကြောင်း၊ ယခုလွတ်ငြိမ်းသက်သာမှာပြစ်မှု၊ ပြစ်ဒဏ်ကို လျှော့ပေါ့သက်သာပေးပြီး သတ်မှတ်ချက်စာရင်းနှင့် လွှတ်ခြင်းဖြစ်ကြောင်း၊ နှစ်ခုကမတူကြောင်း၊ သို့သော် အကျဉ်းသားများက မျှော်လင့်ခဲ့ကြောင်းလည်း ဦးခင်မောင်မြင့်က ပြောကြားသည်။

''ပထမတခါ မပါဘူး။ ဒုတိယတခါ မပါဘူး။ စာရင်းကုန်တဲ့အထိမပါတဲ့အချိန်မှာ ကျန်ခဲ့တဲ့သူတွေက ပြဿနာဖြစ်ရော၊ ကျွန်တော်တော့ အဲဒီလိုပဲမြင်ပါတယ်''ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်ပြီး ထောင်ထဲတွင် အနှစ် ၂ဝ နီးပါးနေခဲ့ရသည့် နိုင်ငံရေးအကျဉ်း သားဟောင်းတဦးဖြစ်သူ ဦးတင်အေးကမူ နိုင်ငံရေးအကျပ်အတည်းဖြစ်အောင်လုပ်သည်ဟု မြင်ကြောင်း ပြောသည်။

''ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ထောင်တွင်း နေထိုင်မှုသဘောသဘာဝအရ ပြောရမယ်ဆိုရင် ထောင်တွင်းဆန္ဒပြမှုတွေဟာ ပုံမှန်အခြေအနေတော့ မဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ ထောင်ထဲမှာနေတုန်းက ဘောလ်ပင်တချောင်းမိရင်ရိုက်တယ်၊ တိုက်ပိတ်တယ်''စတဲ့ ပြစ်ဒဏ်တွေကို ပေးတယ်ပေါ့ဗျာ။ ဘယ်အကျဉ်းသားမဆိုပေါ့။ နိုင်ငံရေးအကျဉ်းသားတွေဆိုရင် ပိုဆိုးတယ်။ မူးယစ်ဆေး ဝါးအမှုတွေကိုတော့ နေရာမပေးဘူး။ ကျွန်တော်တို့က လွှတ်ပေးရေး၊ မလွှတ်ပေးရေးတွေကို ပြောနေတာ မဟုတ်ပါဘူး။ မာကာပင်တွေနဲ့ရေးပြီး ထောင်ထဲမှာ ဖုန်းကိုင်ပြီးတော့ Live လွှင်နေတာကတော့ လက်ရှိ အစိုးရကို နိုင်ငံရေးအကျပ်အတည်းဖြစ်အောင်လုပ်တယ်လို့ ကျွန်တော်မြင်တယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဆောင်ကော်မတီဝင်တဦးဖြစ်သူ ဦးတင်မောင်ဦးက ''နိုင်ငံရေး အကျဉ်းသားနဲ့ မူးယစ်ဆေးဝါးပုဒ်မတွေနဲ့ လွတ်ငြိမ်းသက်သာခွင့်ပေးမယ်ဆိုရင် ပြည်ထဲရေးဌာနမှာ စာရင်းဇယားရှိရမယ်။ အကျဉ်းဦးစီးဌာနက သူတို့နဲ့ထိတွေ့မှုများတဲ့ နှစ်ကြီးသမားတွေကို စာရင်းပေး လိုက်သလိုဖြစ်နေတယ်။ ဒါကြောင့် အကျဉ်းသားလွှတ်ပေးတဲ့နေရာမှာ ကော်မတီဖွဲ့ပြီးတော့ စိစစ်လွှတ် ပေးတဲ့သဘောဖြစ်သင့်တယ်။ နိုင်ငံရေးအကျပ်အတည်းဖြစ်အောင် လုပ်တယ်လို့တော့ ပြောရခက်တယ်''ဟု ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်က သမ္မတ၏လွတ်ငြိမ်းသက်သာခွင့်အပေါ် ၎င်း၏ ဖေ့စ်ဘွတ်အကောင့် ပေါ်မှတဆင့်ဝေဖန်သည်မှာ ''အခုလွတ်ငြိမ်းသက်သာခွင့်နောက်ဆက်တွဲ ထောင်ဆူပူမှုတွေနဲ့ပတ်သက်ရင် သင်ခန်းစာယူစရာ၊ ပြုပြင်စရာတွေအများကြီးရှိမှာပါ။ အစိုးရအနေနဲ့လည်း စုံစမ်းစစ်ဆေးသင်ခန်းစာ ဖော်ထုတ်မှုတွေလုပ်မှာပါ။ အဲဒီမှာအရေးကြီးဆုံးအချက်ကတော့ မူဝါဒပိုင်းဆိုင်ရာ အကောင်အထည်ဖော်တဲ့ အဆင့်မှာ ဘာတွေအားနည်းသလဲ၊ လက်တွေ့အကောင်အထည်ဖော်တဲ့အဆင့်မှာ ဘာတွေအားနည်း သလဲဆိုတာကို မှန်မှန်ကန်ကန်ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ မှားသမျှအားလုံးအကျဉ်းဦးစီး ဝန်ထမ်းတွေမှာပဲ တာဝန်ရှိတယ်ဆိုရင်တော့ မှန်ကန်တဲ့အဖြေတွေ့မှာမဟုတ်ပါဘူး''ဟု ၎င်းကဆိုသည်။

အကျဉ်းထောင်တခုပြီးတခု ဆူပူဆန္ဒပြမှုများဆက်တိုက်ဖြစ်ပေါ်နေသည့်အခြေအနေများနှင့် ဆက်စပ်မေးမြန်းမှု အပေါ် လူ့အခွင့်အရေးကော်မရှင်မှ ဦးယုလွင်အောင်က မေ ၁၃ ရက်တွင် မန္တလေးတိုင်းရှိ အကျဉ်း ထောင်/စခန်းများကို သွားရောက်စစ်ဆေးရန်ရှိပြီး ရန်ကုန်တိုင်းအတွင်းရှိ အကျဉ်းထောင်များကို လည်း ယခုလ(မေလ)အတွင်း သွားရောက်စစ်ဆေးရန်ရှိသည်ဟု ပြောသည်။

သမ္မတဦးဝင်းမြင့်တက်လာပြီးနောက်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုအာရုံစိုက်၍ လုပ်ဆောင်ခဲ့သည်။ ထုတ်လုပ်သူ၊ ဖြန့်ချိသူများကိုအရေးယူနိုင်ရန် ပိုမိုအာရုံစိုက်ခဲ့သည်ကိုတွေ့ရသည်။ တဖက်တွင် ပြစ်မှုနှင့်ပြစ်ဒဏ်မမျှတဘဲ ဆေးပြားအနည်းငယ်မိရုံဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထား ရသူများကို လွှတ်ပေးနိုင်ရန် အာရုံပြုခဲ့သည်ကိုတွေ့ရသည်။ သို့သော် ဆန့်ကျင်ဘက်နိုင်ငံရေးအင်အားစု များက သမ္မတ၏လွတ်ငြိမ်းသက်သာခွင့်အပေါ် ကျိုးကြောင်းခိုင်လုံမှုနည်းစွာဖြင့် ဝေဖန်တိုက်ခိုက်မှုများ ရှိခဲ့သည်။

ယခုလိုအကျဉ်းထောင်တခုပြီးတခု ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် ဆူပူဆန္ဒပြမှုများအပေါ် ပြန်လည်ဆန်း စစ်သင့်သည်။ ဆူပူဆန္ဒပြခဲ့သည့်အကျဉ်းသားများပြောဆိုသကဲ့သို့ လွတ်ငြိမ်းသက်သာပေးရာတွင် တန်းတူညီမျှမှုမရှိဟုဆိုလျှင် တန်းတူညီမျှမှုရှိအောင်လုပ်ဆောင်ပေးသင့်သည်။ အခြားသွေးထိုးလှုံ့ဆော်မှု တစုံတရာကြောင့် ယင်းဆူပူဆန္ဒပြမှုများဖြစ်ခဲ့သည်ဟုဆိုလျှင် ယင်းသွေးထိုးလှုံ့ဆော်သူများကို ထိရောက် စွာအရေးယူသင့်ပေသည်။

No comments:

Post a Comment