Friday, May 10, 2019

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းကား ပြေးဆွဲခြင်းကို ပြည်ထောင်စုက ညွှန်ကြားထားသည့် သတ်မှတ်ချက် ၁၂ ချက်အတိုင်း ပြေးဆွဲရမည်

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းကား ပြေးဆွဲခြင်းကို ပြည်ထောင်စုက ညွှန်ကြားထားသည့် သတ်မှတ်ချက် ၁၂ ချက်အတိုင်း ပြေးဆွဲရမည် ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။ေ ကျာင်းကား ပြေးဆွဲခြင်းကိစ္စနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ YRTA မှ တာဝန်ရှိသူများနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ မေ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပုလဲခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



“ပြည်ထောင်စုကနေ လုပ်ထုံးလုပ်နည်းနဲ့ ညွှန်ကြားချက် ချထားသည့် ၁၂ ချက် ရှိတယ်။၁၂ ချက်အတိုင်း လုပ်ရမယ့်ဟာကို နှစ်စဉ် နှစ်စဉ်မှာ တိုင်းအစိုးရအဖွဲ့ကို အသနားခံစာ တင်တာရှိတယ်။ အဲဒီလိုနဲ့ တစ်နှစ် တစ်နှစ်နဲ့ လိုက်လျောလာရင်းနဲ့ ဒီနှစ်ကျတော့ လုံးဝ လိုက်လျောလို့ မရတော့ဘူး။ အခု ၂၀၁၉-၂၀၂၀ စမယ့်နှစ်မှာ လုံးဝမရတော့ဘူး။ ဘယ်နေရာမှာ သွားတစ်နေလဲ ဆိုတော့ ဘယ်မောင်းနဲ့ ညာမောင်း သွားဖြစ်နေတယ်။ တချို့ ပုဂ္ဂလိက ကားပိုင်ရှင်တွေက ဘယ်မောင်းအတွက်ကို အဆင်မပြေဘူး။ နောက်တစ်ခုက နယ်လိုင်စင် ဖြစ်နေတယ်။ (ဃ) လိုင်စင် လုပ်ရာမှာလည်း (ဃ) လိုင်စင် လုပ်လိုက်လို့ရှိရင် စနေ၊ တနဂင်္နွေတို့ အခြားကျောင်းပိတ်ရက်တွေမှာ နယ်ကို ဘုရားဖူးတွေ ထွက်လိုက်လို့ မရဘူး။ အဲဒါလေးတွေကို သူတို့က ဖြေလျှော့ပေးပါဆိုပြီး နည်းနည်း တောင်းဆိုတာလေးတွေ ရှိတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ သူတို့ လုံးဝ မရတော့ဘူး”ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။


ကျောင်းကား ပြေးဆွဲခြင်းကို ၂၀၁၅-၂၀၁၆ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ပြည်ထောင်စုက ညွှန်ကြားချက် ချမှတ်ထားသည့် အချက် ၁၂ ချက်အတိုင်း ပြေးဆွဲရမည်ဖြစ်ပြီး လုံးဝ ဖြေလျှော့ပေးမည် မဟုတ်ကြောင်းနှင့် ကျောင်းကား ပြေးဆွဲမည့် လုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ်ချက် ၁၂ ချက်အတိုင်း ပြည့်မီအောင် ဆောင်ရွက်၍ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၏ ထောက်ခံချက်ဖြင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် လိုင်စင် ထုတ်ယူရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝယ်ယူထားသည့် ကျောင်းကားများကို ကျောင်းကား လိုအပ်ချက်ရှိကြောင်း တောင်းဆိုသည့် ကျောင်းများ၌သာ ပြေးဆွဲပေးမည် ဖြစ်ပြီး အခြား ကျောင်းကားများ၏ နှုန်းအတိုင်း ပြေးဆွဲပေးရန် ဝန်ကြီးချုပ်ထံမှ သဘောတူညီချက် ရရှိထားကြောင်း သိရသည်။

၂၀၁၇ ခုနှစ်  ဇူလိုင်၂၀ ရက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ကျောင်းကားများအတွက် စည်းကမ်း ၁၂ ချက်မှာ ခရီးသည် ၁၀ ဦးနှင့်အထက် တင်ဆောင်နိုင်သော Micro Bus, Mini Bus, Bus ယာဉ်များ ဖြစ်ရမည်။ ထိုင်ခုံတိုင်းတွင် အသက်ကယ် ထိုင်ခုံခါးပတ် ပါရှိရမည်။ ဘယ်မောင်းယာဉ်နှင့် ယာဉ်၏ ညာဘက်တွင် အတက်အဆင်း တံခါးပေါက် ပါရှိရန်ဖြစ်ပြီး လုံခြုံစိတ်ချရသော သော့စနစ် တပ်ဆင်ထားရမည်။ ရှေးဦးသူနာပြုသေတ္တာ ပါရှိရမည်။ ယာဉ်၏ အတွင်းတွင် ဓာတုဗေဒ ပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူး အနည်းဆုံး နှစ်ဘူး ပါရှိရမည်။ ယာဉ်၏ ဆေးရောင်အား အဝါရောင် သတ်မှတ်ပြီး ယာဉ်၏ အရှေ့နှင့် အနောက်တွင် School Bus စာလုံးကို ထင်ရှားစွာ ရေးသားထားရမည် ဖြစ်ကြောင်း စည်းကမ်းချက်တွင် ပါရှိသည်။

ထို့ပြင် ကျောင်းအမည်နှင့် ဆက်သွယ်ရန် တယ်လီဖုန်း နံပါတ်များကို ယာဉ်၏ ဘေးဘက်တွင် ရေးသား ထားရမည်။ ယာဉ်မောင်းသူသည် အနိမ့်ဆုံး (ဃ) ယာဉ်မောင်းလိုင်စင် ရရှိပြီးသူ ဖြစ်ရမည်။ အမြန်နှုန်း 40 km/hr (25 mile/hr) ထက်ပို၍ မောင်းနှင်ခြင်း မပြုရန် ကန့်သတ်ထားရမည်။ အငှားယာဉ် (ကျောင်းကြို/ပို့ လုပ်ငန်းသုံးယာဉ်) အဖြစ် ဆောင်ရွက်ရမည်။ ကျောင်းသားများသည် အသက် ၁၂ နှစ်နှင့်အထက် ဖြစ်ပါက လူကြီးထိုင်ခုံ သတ်မှတ်ပေးရမည်။ ကျောင်းသားများ၏ အသက်သည် ၁၂ နှစ်အောက် ဖြစ်ပါက တပ်ဆင် ပါရှိသော ထိုင်ခုံ အရေအတွက်သည် မူလ လူကြီးထိုင်ခုံ အရေအတွက်၏ တစ်ဆခွဲထက် မပိုရသည့်အပြင် ထိုင်ခုံခါးပတ် အပြည့်အစုံ ပါရှိရမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment