Friday, May 10, 2019

အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းပိုင်းကိစ္စသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လုံးဝ ပတ်သက်မှု မရှိကြောင်းနှင့် ဝန်ကြီးချုပ် လုပ်ဆောင်ခဲ့သည့်အတွက် ဝန်ကြီးချုပ်သာ တာဝန်ယူ ဖြေရှင်းရမည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ပြောကြား

ရေးမြို့နယ် မြောက်ပိုင်းရှိ Southern Myanmar Development Co.,Ltd (SMD) မှ လုပ်ဆောင်ခဲ့သည့် ငွေကျပ်သိန်း ၁၀ဝ၀ဝ တန် လုပ်ငန်းဖြစ်သော အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းပိုင်းကိစ္စသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လုံးဝ ပတ်သက်မှု မရှိကြောင်းနှင့် ဝန်ကြီးချုပ် လုပ်ဆောင်ခဲ့သည့်အတွက် ဝန်ကြီးချုပ်သာ တာဝန်ယူဖြေရှင်းရမည်ဟု ယခင်မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည့် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က မေ ၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့ ) တွင် ပြောကြားသည်။




ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) အစီအစဉ်တွင ပါဝင်သော မော်လမြိုင်မြို့ မြိုင်ရတနာဈေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းမှ မွန်ပြည်နယ် ဈေးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသို့ တည်နေရာ ပြောင်းလဲ ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေ လွှဲပြောင်း သုံးစွဲခြင်း ကိစ္စတင်ပြခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ခြင်း အစီအစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးရာ၌ ဦးမင်းထင်အောင်ဟန်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းပိုင်းအတွက် Southern Myanmar Development Co.,Ltd (SMD) က လုပ်ခဲ့တဲ့ကိစ္စဟာ ကျွန်တော် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးဘဝကတည်းက ရှိခဲ့တဲ့လုပ်ငန်း ဖြစ်ပါတယ်။ အဲဒီတုန်းက သူများ စီးပွားရေးလုပ်ငန်းမှာ ပြည်နယ်အစိုးရအဖွဲ့က ပိုက်ဆံ ထည့်ပေးရတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ပြောပါတယ်”ဟု ဦးမင်းထင်အောင်ဟန်က ပြောကြားသည်။


ゞင်းက ဆက်လက်ပြီး “အဲဒီလုပ်ငန်းနဲ့ ပတ်သက်လို့ Cabinet  အစည်းအဝေးမှာ ဆွေးနွေးတဲ့ အခါမှာလည်း ဝန်ကြီးချုပ်ကို ပြောပြပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေက ကျွန်တော့်ကို ပြောတယ်။ အဲဒီလမ်း စီမံကိန်းကို အဲဒီကုမ္ပဏီကိုပဲ ပေးလိုက်ရင် လွှတ်တော် အစည်းအဝေးကျရင် ဘယ်လိုရှင်းမလဲလို့ ပြောတော့ ဝန်ကြီးချုပ်က ဘာပြောလဲဆိုတော့ လွှတ်တော်ကို သူပဲရှင်းပါ့မယ်။ ငါ တာဝန်ယူတယ်တဲ့။ အဲဒါကြောင့် ဒီလုပ်ငန်းဟာ ကျွန်တော်တို့ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝ ပတ်သက်ခြင်း မရှိပါဘူး။ အဲဒီလမ်း စီမံကိန်းဟာ ဝန်ကြီးချုပ် လုပ်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်ပဲ တာဝန်ယူ ဖြေရှင်းရမှာ ဖြစ်ပါတယ် ဆိုတာ ကျွန်တော် လွှတ်တော်က တစ်ဆင့် အသိပေးလိုပါတယ်”ဟု ပြောကြားသည်။

ပြည်ထောင်စုအစိုးရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွန်ကြားချက်အရ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်၌ တင်ဒါ ကင်းလွတ်ခွင့် ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မေ ၃ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) တွင် ပြောကြားခဲ့သည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေအမှတ် (၁) မှ ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက မေးမြန်းသည့် ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် ငွေလုံးငွေရင်း ကျပ်သန်း ၁၀ဝ၀ ဖြင့် ဆောင်ရွက်ခဲ့သည့် ရေးမြို့နယ် မြောက်ပိုင်းရှိ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းပိုင်း ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဦးစီးဌာနတို့ က တင်ပြပါ အောင်သပြေ-နှစ်ကရင် လမ်းအား SMD ကုမ္ပဏီအား တာဝန်ပေး ဆောင်ရွက်စေခဲ့ရာတွင် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖြစ်စေရေးအတွက် မည်သို့သော စည်းကမ်း သတ်မှတ်ချက်များဖြင့် ဆောင်ရွက်စေခဲ့သည် သိလိုကြောင်း မေးခွန်းနှင့် ပတ်သက်ပြီး ပြန်လည် ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီလ - စက်တင်ဘာလအထိ ခြောက်လ ဘဏ္ဍဍာနှစ်တွင် လမ်းဦးစီးဌာန၊ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်း (၄/၃) မိုင် အကွာအဝေးကို မြေသားတာပေါင် ချဲ့ခြင်း၊ (၁/၄) မိုင် အကွာအဝေးကို ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများအတွက် ငွေလုံးငွေရင်း ကျပ်သန်း ၁၀ဝ၀ နှင့် အတည်ပြု ဆောင်ရွက်စေခဲ့ပြီး ဒေသအတွင်း လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် Southern Myanmar Development Co.,Ltd (SMD) က တာဝန်ယူကာ ဆောင်ရွက်ခဲ့ကြောင်းကို ဒေါက်တာ အောင်နိုင်ဦး၏ မေးမြန်းချက်အရ သိရပြီးနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်မှာလည်း ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ငွေလုံးငွေရင်း ခေါင်းစဉ်တွင် အောင်သပြေ -နှစ်ကရင်လမ်း မြေသားဘောင်ချဲ့ခြင်း၊ (၂/၅) မိုင်နှင့် ကွန်ကရစ်လမ်း ခင်းခြင်းအတွက် ကျပ်သန်း ၅၀ဝ လုပ်ငန်းအတွက် တင်ဒါခေါ်ယူခဲ့ပြီး ကုဋေကုဋာကုမ္ပဏီမှ တင်ဒါ အောင်မြင်ပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့လျက် ရှိကြောင်းကို မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်၏ ပြောကြားချက်အရ သိရသည်။

No comments:

Post a Comment