Friday, May 10, 2019

ကပြားအစားအသောက်တွေကြား မေ့လျော့ခံ မြန်မာမုန့်များ၏ အနာဂတ်

ရန်ကုန်မြို့က မကြာ သေးမီကမှ အသစ် ဖွင့်လှစ်ထားသည့် စူပါမားကက်တစ်ခုအတွင်း၌ ဖြစ် သည်။ အရောင်အသွေးစုံလှသည့် မုန့်များကို ခင်းကျင်းပြသထားပြီး ချက်ချင်းယူ၊ ချက်ချင်းစား(Self- Service)ဖြင့် ရောင်းချနေသည့် စားသောက်ဆိုင်တန်းများမှာမျက် စိပသာဒဖြစ်စရာအပြည့်။ သူငယ် ချင်းတွေက ဟိုဟာစားမည်၊သည် ဟာစားမည်ဖြင့် စားသောက်ရန် ငြင်းခုံနေကြစဉ် ကျွန်မကတော့ နှုတ်ဆိတ်နေမိသည်။

လူတိုင်းတွင် ပြန်လည်တမ်း တရလောက်သည့် ငယ်ဘ၀အ မှတ်တရတို့ရှိနိုင်ပါသည်။ ထိုအ မှတ်တရတွေက ကျောင်းစတက် ချိန်လည်းဖြစ်နိုင်သည်။ သူငယ် ချင်းများနှင့်အတူ ဆော့ကစားချိန် လည်းဖြစ်နိုင်သည်။ တီဗီကလေး တစ်လုံးလည်းဖြစ်နိုင်သလို သား ရေကွင်းလေးတွေ၊ ရုပ်ပြစာအုပ် လေးတွေလည်း ဖြစ်နိုင်သည်။ အ စားအသောက်ခုံမင်တဲ့ ကျွန်မအ တွက်မူ ကျွန်မ၏ငယ်ချစ်၊ ငယ် ဘ၀အမှတ်တရများတွင်တော့ မြန်မာသရေစာမုန့်စစ်စစ်တွေက အတော်များများနေရာယူထား သည်။

အစားအသောက်နှင့်ပတ် သက်လျှင် ၂၀၀၀ ပြည့်နှစ်မတိုင်မီ ကျွန်မကို မွေးဖွားခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကံကောင်းသည် ဟု မှတ်ယူသည်။ အခုအချိန် အ စားအသောက်ရေစီးမှာ လူကြိုက် အများဆုံးလို့ ပြောလို့ရသည့် ဟော့ပေါ့၊ အကင်တို့လို အစား အသောက်တွေ ကျွန်မတို့ငယ်စဉ် က မပေါ်သေး။ မြန်မာမုန့်ရောင်း သည့် ဆိုင်လည်းပေါသလို မြန် မာမုန့်ယဉ်ကျေးမှုလည်း ပေါလေ သည်။

မနက်မိုးလင်းတိုင်း လမ်း ထိပ်ဈေးမုန့်လင်မယားနှင့် ဘိန်း မုန့်ရောင်းသည့်ဆိုင်တွင် ကျွန်မ တို့တန်းစီစောင့်သည်။ ဒီနေ့မုန့် လင်မယားဆို နောက်နေ့ဘိန်းမုန့်၊ အလှည့်ကျဝယ်စားသည်။ ဘယ် လောက်စားစား ရိုးသွားတယ်လို့ မရှိ။ ထိုကြီးတော်ကြီး ရောင်းအား ကောင်းချက်ကြောင့် မြန်မာမုန့် ကြိုက်ကြသူဟူ၍ မြန်မာမုန့် ရောင်းသည့် ဆိုင်များ တိုးချဲ့ဖွင့် လှစ်လာကြသည်ဟုလည်း အိမ် က လူကြီးတွေပြောတာ ကြားခဲ့ဖူး သည်။

ဒီကနေ့ မုန့်တစ်မျိုးရိုးလျှင် နောက်တစ်နေ့ ဈေးထဲသွား၍ မုန့် ဖက်ထုပ်ဝယ်စားသည်။ ဆနွင်း မကင်း၊ ရွှေချီ ၀ယ်စားသည်။ ဈေးထဲက ဆိုင်ရဲ့အခင်းအကျင်း က သိပ်ဆွဲဆောင်မှုရှိသည်။ စတီးဗန်းကြီးများအတွင်း မြန်မာ မုန့်အစုံတို့က အရောင်အသွေးစုံစုံ ဖြင့် ဆိုင်ခုံထက်တွင် နေရာယူ ထားသည်။ ယင်းဆိုင်များတွင် အ ရောင်စုံ၊ အသီးလေးများထည့် သွင်းပြုလုပ်ထားသည့် ကျောက် ကျောများကလည်း ယူပါ၊ စားပါ ဟု ခေါ်နေသယောင်။ ဆနွင်း မကင်းငါးတုံးကိုမှ ကျပ်တစ်ရာ လောက်သာကျသည်။ ဗိုက်ဝ သည်၊ စားပျော်သည်ဟုဆိုကာ အိမ်ကအဒေါ်များကလည်း ၀ယ် ကျွေးလေ့ရှိသည်။

ဈေးထဲတွင် မုန့်ကြာစေ့၊ သာ ကူရောင်းသည့်  အဒေါ်ကြီးက လက်မှာ ရွှေလက်ကောက်အပြည့် နှင့် ရောင်းတာကိုလည်း ကြုံဖူးသည်။ မြန်မာမုန့်အခန်းကဏ္ဍကောင်းလှ သလို မုန့်ရောင်းသူများမှာလည်း  ချောင်လည်လှသည်။ အခုများ တော့ ဈေးထဲသွားရင် မြန်မာမုန့် ရောင်းသည့်ဆိုင်မှာ လက်ချိုးရေ ၍ ရနေလေပြီ။ ဆိုင်ရှိနေလျှင် လည်း ယခင်ကလို ရောင်း မကောင်း။ ၀ယ်သူနည်းသော် လည်း အချိန်ယူလုပ်ဆောင်ရ၍ ဈေးများလို့လည်း မရဟု သူတို့ ဆီက ကြားခဲ့ဖူးသည်။

ကျွန်မတို့ငယ်စဉ်က မြန်မာ မုန့်များကို တွေ့လေ့ရှိသည့် နောက်တစ်နေရာက မင်္ဂလာ ဆောင်များတွင်ဖြစ်သည်။ သာကူ ချိုကို အချိုတည်းစရာအဖြစ် တည်ခင်းဧည့်ခံခြင်းယဉ်ကျေးမှု ကို ကျွန်မတို့ငယ်ငယ်တုန်းက မင်္ဂလာဆောင်များသွားလျှင် မကြာခဏတွေ့ရသည်။ ယခုအ ချိန်တွင်တော့ သာကူချိုနေရာ တွင် ရေခဲမုန့်နေရာယူခဲ့သည်မှာ အားလုံးအသိပင်ဖြစ်တော့သည်။

ကျွန်မအိမ်က တူ၊ တူမများ ဆိုလျှင် မြန်မာမုန့်ကို မခုံမင် တော့။ ရွှေချီထက် ပူတင်း ပေါင်မုန့်ကို သူတို့ကြိုက်သည်။ ပွဲ ဈေးတန်းတွင် မုန့်လင်မယား ထက် ကြက်ကြော်ကိုသာ သူတို့ စားချင်တော့သည်။ အသက် (၁၀)နှစ်အရွယ် တူတော်မောင်ကို မြန်မာမုန့်နာမည်သိသလောက် ပြောဆိုရင် တစ်ခု၊ နှစ်ခုထက် ပို မသိသော်လည်း ဟော့ပေါ့၊ ကိုရီး ယားဘာဘီကျုနှင့် ဂျေဒိုးနတ်တို့ ကိုတော့ သူကောင်းကောင်းသိ သည်။

အစားအသောက်ယဉ်ကျေး မှုပြောင်းလာခြင်းသည် မြန်မာ မုန့်အခန်းကဏ္ဍကို မှေးမှိန်သွား စေသည်ဟု အချို့ကဆိုသည်။ ကျွန်မကတော့ အဲဒီအချက်သာ မက မြန်မာမုန့်ပြုလုပ်နည်းကို လက်ဆင့်ကမ်းမှုနည်းပါးလာခြင်း နှင့် နည်းပညာကိုအသုံးပြု၍ ခေတ်မီ၊ ကောင်းမွန်သည့်ပုံစံဖြင့် ဖြန့်ဖြူးမှုအားနည်းခြင်းနှင့် မြန်မာ အစားအသောက်ကို ခုံခုံမင်မင် စားသောက်သူနည်းပါးလာခြင်း ကြောင့်ဟုလည်း သုံးသပ်သည်။

တချို့ကလည်း မြန်မာမုန့် တွေက ဈေးကြီးတာကိုးဟု စော ဒကတက်နိုင်သည်။ ရှားလာသည့် ပစ္စည်းများသည် တန်ဖိုးမြင့်လာ သည်ဟုသာ ကျွန်မကတော့ မှတ် ယူမိသည်။ မြန်မာမုန့်ယဉ်ကျေးမှု ကို မြန်မာလူမျိုးတိုင်းလက်ဆင့် ကမ်း၍ တန်ဖိုးထားစားသုံးစေ ချင်သည်။ ကိုယ်တိုင်ပြုလုပ်တတ် လျှင် ပို၍ကောင်းသည်။

ကျွန်မတို့ငယ်စဉ်က ထန်း လျက်ရည်ရွှဲနေသည့် မုန့်ဆီကြော် သည် နေ့လယ်စာ၊ နှမ်းထောင်း လေးဖြူးထားသည့် မုန့်လင်မယား သည် ညစာဖြစ်ခဲ့ဖူးသည်။ ကောက်ညှင်းရွှေချီ၊ မုန့်ဖက် ထုပ်၊ မုန့်လိပ်ပြာ၊ မုန့်ကြာစေ့၊ မုန့်လက်ကောက်၊ ရွှေချီ၊ မုန့် ကျွဲသည်း၊ ဆနွင်းမကင်း၊ သာကူပြင်၊ရွှေထမင်း၊ ဘိန်းမုန့်၊ မုန့်စလင်း တောင်တို့ကို ခုံမင်သည်။

မုန့်ပျားသလက်၊ လမ်းသရဲ မုန့်၊ တိုရှည်၊ ပြာရည်ထုပ်၊ ကောက်ညှင်းထုပ်၊ မုန့်ဆီကြော်၊ မုန့်ပျားအုံ၊ ကောက်ညှင်းကျည် တောက်၊ ထမနဲ၊ ကောက်ညှင်း ပေါင်း၊ ရေမုန့်၊ မုန့်ပေါင်းတို့က လည်း ကိုယ်အကြိုက်ဆုံးအစားအ  သောက်စာရင်းတွင် ထိပ်ဆုံးက နေရာယူခဲ့သည်။ မြန်မာမုန့်တစ် မျိုးစားဖူးတိုင်း သုံးမှတ်ပေးမည် ဆိုပါက ကျွန်မက လုံးဝဂုဏ်ထူး ထွက်မည်မှာသေချာသည်။

ကျွန်မနဲ့ သူငယ်ချင်းနှစ် ယောက်ရောက်နေတဲ့ စူပါမား ကက်အတွင်းမှာတော့ အသီးအ ရွက်နှင့်အသားစိမ်းများကို ကိုယ် တိုင်ကင်စား၊ ပြုတ်စားရသည့် ဟော့ပေါ့၊ ကိုရီးယားဘာဘီကျု လို့ အမည်ရသည့်အစားအ သောက်အရောင်းဆိုင်များမှာ လူ အတော်စည်နေသည်။ နောက် တစ်နေရာအရောက်တွင်တော့ ဂျပန်ကပြားဟင်းလျာများဖြစ် သည့် ဆူရှီဆိုင်၊ ထိုင်းတွင် အစား များသည့် သင်္ဘောသီးထောင်း ဆိုင်စသဖြင့် မွေးစားဟင်းလျာ ဆိုင်အများအပြားကို တွေ့ရ သည်။ လူအများစုကလည်း ကြိုက်ကြသည်။ သူတို့ကြိုက် သည့် အစားအသောက်ဆိုင်များ မှာလည်း ပေါလှသည်။

ကျွန်မတို့တစ်တွေ စူပါမား ကက်ကြီးထဲက နောက်ဆုံးပေါ် မုန့်ဈေးဆိုင်တန်းကို အစအဆုံး ခေါက်တုံ့ခေါက်ပြန်လျှောက်မိ သည်။ သူငယ်ချင်းတွေက ဘာ စားစားအဆင်ပြေသည်ဟု ပြော သော်လည်း ကျွန်မကမူ သာကူ ချိုလေး၊ မုန့်လက်ဆောင်းလေး သောက်ချင်စိတ်ဖြစ်မိသည်။ လျှောက်ရင်း လျှောက်ရင်းဖြင့် ဆိုင်တန်းတွေက လွန်တော့မည်။ သူငယ်ချင်းတွေကလည်း စိတ် ပျက်လှပြီ။ စားချင်သည့်အရာက မတွေ့။ နောက်ဆုံးသာကူချိုလေး မရတောင် မြန်မာမုန့်ဖြစ်ရင်ရပြီ ဟူ၍ စိတ်ကမှန်းလျက်ရှာသော် လည်း မတွေ့တော့ လက်လျှော့ လိုက်ရသည်။

အဲသည့်နေ့က မြန်မာ့သရေ စာမုန့်ရောင်းသည့်ဆိုင် လုံးဝရှာ မရခဲ့။ နောက်ဆုံးတော့ ရောင်စုံ မီးများဖြင့် အလှဆင်ထားသည့် ထိုင်းအစားအသောက်ရောင်း သည့်ဆိုင်တွင်သာ ကျွန်မတို့ သူ ငယ်ချင်းတစ်စုအချိန်ပေးဖြစ်ခဲ့ သည်။ ကပြားအစားအသောက် တွေလည်း စားလို့ကောင်းပါ သည်။ သို့သော် မြန်မာနိုင်ငံတွင် မြန်မာမုန့်စစ်စစ်များကိုတော့ မည်သည့်နေရာဒေသ၊ အခြေအ နေတွင်မဆို ရှာတွေ့မိချင်သည်။ အခုအချိန်မှာတော့ ကပြား အစားအသောက်များအကြား တွင် ကျွန်မကြိုက်နှစ်သက်တဲ့ မြန်မာမုန့်များ မျက်နှာမငယ်စေ လို။ ပတ်ဝန်းကျင်မှာ ကပြားအ စားအသောက်များအား မြိန်ရေ ရှက်ရေစားသောက်နေသူများကို ကြည့်ရင်း မြန်မာမုန့်များ၏ အခန်းကဏ္ဍ မှေးမှိန်သွားမည်ကို လည်း စိုးရိမ်မိပါသည်။ ငယ်ဘ၀ အမှတ်တရများကို တွေးမိတိုင်း လည်း နွားနို့ဆမ်းကာအုန်းသီး ခြစ်လေးဖြူးထားသည့် နို့ထမင်း စိမ့်စိမ့်ချိုချိုလေးနှင့် အရသာ မလေးမငန် ဆိမ့်ဆိမ့်သာကူကျို လေးတွေကို လွမ်းမိနေသည်သာ။

No comments:

Post a Comment