Friday, May 10, 2019

တစ်ပတ်အတွင်း ကမ္ဘာ့ရေနံဈေး သုံးရာခိုင်နှုန်းကျော်ပြန်ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေးများ သိသိသာသာလိုက်ပါကျဆင်းမှုမရှိဘဲ ယခင်အမြင့်ဈေးနှုန်းများအတိုင်း ဆက်လက်ရောင်းချနေ

တစ်ပတ်အတွင်း ကမ္ဘာ့ရေနံဈေးနှုန်း သုံးရာခိုင်နှုန်းကျော် ပြန်ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ သိသိသာသာ လိုက်ပါကျဆင်းမှုမရှိဘဲ ယခင်အမြင့်ဈေးအတိုင်း ဆက်လက်ရောင်းချနေကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသောဈေးနှုန်းများအရ သိရသည်။ ကမ္ဘာ့ရေနံဈေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် မေ ၁ ရက်တွင် ၆၃ ဒေါ်လာဝန်းကျင်၊ မေ ၇ ရက်တွင် ၆၁ ဒေါ်လာဝန်းကျင်အထိ တစ်ပတ်အတွင်း သုံးရာခိုင်နှုန်းကျော် ပြန်ကျခဲ့သည်။ ပြည်တွင်းစက်သုံးဆီဆိုင်အများစုသည် အဆိုပါရက်သတ္တပတ်အတွင်း ဒီဇယ်နှင့် ပရီမီယံဒီဇယ်ဈေးနှုန်းကိုသာ တစ်လီတာ ၁၀ ကျပ်လျှော့ချပြီး 92 Ron နှင့် 95 Ron ဈေးနှုန်းများကို မေလဆန်းက မြှင့်တင်ခဲ့သည့် ဈေးနှုန်းများအတိုင်း မေ ၉ ရက်အထိ ရောင်းချနေခြင်းဖြစ်သည်။



ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ဇန်နဝါရီလဆန်းမှ မတ်လဆန်းအထိ ငါးလဝန်းကျင်အတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ကျပ် ၂၄၀ အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီအမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၄ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။


မေ ၉ ရက်တွင် ပြည်တွင်းစက်သုံးဆီဆိုင် အချို့တွင် ရောင်းချနေသောဈေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၁၀ဝ၀ ကျပ် (တစ်ဂါလန် ၄၅၄၆ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ၁၀၁၀ ကျပ် (တစ်ဂါလန် ၄၅၉၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၉၀ဝ (တစ်ဂါလန် ၄၀၉၁ ကျပ်) အောက်တိန်း 95 Ron တစ်လီ တာ ကျပ် ၉၇၀ (တစ်ဂါလန် ကျပ် ၄၄၁၀) ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇယ်တစ်လီတာ ကျပ် ၁၅၀၊ ပရီမီယံဒီဇယ်တစ်လီတာ ၁၅၅ ကျပ်၊ 92 Ron တစ်လီတာ ကျပ် ၂၃၀၊ 95 Ron တစ်လီတာ ကျပ် ၂၄၀ အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ငါးလဝန်းကျင်အတွင်း ဒီဇယ်ဆီ ၁၈ ဒသမ ၂၃ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၈ ဒသမ ၁၂ ရာခိုင်နှုန်း၊ 92 Ron ၃၄ ဒသမ ၃၂ ရာခိုင်နှုန်း၊ 95 Ron ၃၂ ဒသမ ၈၇ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းသည် တဖြည်းဖြည်းဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့သည်။

ဒေါ်လာဈေးနှင့် ကမ္ဘာ့ရေနံဈေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိမြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်ဈေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်ဈေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးဈေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါ လန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီဈေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ်၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။   

No comments:

Post a Comment