Friday, May 10, 2019

မြန်မာ၏အဓိပ္ပာယ်တွင် အကြမ်းဖက်မှုမပါ

ပြီးခဲ့သည့်နှစ် မေလ ၁၂ ရက်၊ ရန်ကုန်မြို့ တာမွေအိုးရှင်းရှေ့ရှိ စစ်ပွဲရပ်ဆန္ဒပြပွဲကို အမှတ်ရကြဦးမည်ဟုထင်၏။ တကယ်တော့ ယင်းစစ်ပွဲရပ်ဆန္ဒပြပွဲ၏ မူလအစီအစဉ်မှာ တာမွေအဝိုင်းထိပ်မှနေ၍ မြို့တော်ခန်းမဆီသို့ လမ်းလျှောက်ချီတက်ဆန္ဒပြရန် ဖြစ်သည်။ ဥပဒေနှင့်အညီ ယင်းသို့ လမ်းလျှောက်ဆန္ဒပြမည့် အကြောင်း သက်ဆိုင်ရာသို့ အ ကြောင်းကြားသည်။ လမ်းလျှောက်ကြမည့် လူအင်အားမှာ စုစုပေါင်းတစ်ရာဝန်းကျင်။

သို့သော် ချီတက်မည့် လမ်း တစ်လျှောက်ရှိ ရဲစခန်းခြောက်ခု စလုံးက ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်မည်၊ စိုးရိမ် ထိတ်လန့်မည်၊ ယာဉ်ကြောပိတ် ဆို့မည် စသည့် အကြောင်းများ ကြောင့် ခွင့်မပြုဟု အကြောင်းပြန်ခဲ့၏။

ယခင့် ယခင်က လူထောင် နှင့်ချီသော လမ်းလျှောက်ဆန္ဒပြ မှုမျိုး ရှိခဲ့သည်။ သက်ဆိုင်ရာအာ ဏာပိုင်များက ခွင့်မပြုပါဟု မငြင်းဆို။ ထို့အတူ ယခု ၂၀၁၉ မေလ ၅ ရက်တွင် အမျိုးသားရေးဟုဆိုသူ တို့ လမ်းလျှောက်ဆန္ဒပြကြသည်။ စုစုပေါင်းအင်အားက ထောင်နှင့် ချီ။ ဗဟန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ရေခဲဆိုင်မှတ် တိုင်မှ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြကြခြင်းဖြစ် သည်။ သူတို့လမ်းလျှောက်ဆန္ဒ ပြရာ လမ်းကြောင်းမှာ ရန်ကုန်မြို့ တွင်းသို့အဝင် ပင်မလမ်းတစ် လမ်းပင်ဖြစ်သည်။ သို့သော် သက်ဆိုင်ရာအာဏာပိုင်တို့က အများ ပြည်သူစိတ်အနှောင့်အယှက်ဖြစ် မည်၊ ယာဉ်ကြောပိတ်ဆို့မည်ဟု မြင်ပုံမရ။ ဆိုတော့ လူတစ်ရာ တုန်းက ခွင့်မပြုခဲ့ပြီး လူထောင်နှင့်ချီကျတော့ ခွင့်ပြုခြင်းသည် ဥပဒေကို ကိုင်တွယ်အသုံးပြုသူများက မည်သို့မည်ပုံ ကိုင်တွယ်အသုံးပြု ကြသနည်းဆိုသည့် မေးခွန်းက ထွက်ပေါ်လာသည်။

ငြိမ်းချမ်းရေးအတွက် ငြိမ်း ချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ် ဖော်ကြမည့်အရေးမှာ ထိုသို့သော ခွင့်မပြုခြင်းကြောင့် ၂၀၁၈ မေလ ၁၂ ရက်တွင် တာမွေအိုးရှင်းရှေ့ ၌ စုဝေးဆန္ဒထုတ်ဖော်ခြင်းကို ဆောင်ရွက်တော့သည်။ သို့သော် စုဝေးဆန္ဒပြခြင်းစတင်ရန် အရှိန် ယူနေစဉ် တန်ပြန်ဆန္ဒပြမှုဖြစ်လာ သည်။ ထို့အပြင် စစ်ပွဲရပ်ဆန္ဒပြ သူများနှင့် သတင်းယူနေသော သတင်းထောက်များကို အော်ဟစ် ဆဲဆို ကြိမ်းမောင်းပြန်သည်။ ဘယ်သူလဲဟု မေးစရာမလို။ အ မျိုးသားရေးဟုဆိုသူတို့ဖြစ်သည်။

သူတို့အနီးတွင် လုံခြုံရေးယူ ထားသော ရဲတပ်ဖွဲ့များရှိသည်။ တန်ပြန်ဆန္ဒပြမှုနှင့် အော်ဟစ် ကြိမ်းမောင်းဆဲဆိုမှုသည် အကြမ်း ဖက်အဓိကရုဏ်းဖြစ်အောင် ဖန် တီးနေမှန်း မသိ၍လေလော၊ တုတ်တုတ်မျှမလှုပ်။ စစ်ပွဲရပ်ဆန္ဒ ပြသူများမှာ အလွန်ဆုံးရှိ အသက် (၃၀)အရွယ် လူငယ်များဖြစ် သည်။ ပြောရလျှင် မိမိတို့၏ယုံ ကြည်မှုအပေါ် အော်ဟစ်ဆဲဆို နေသူများအား တုံ့ပြန်လိုစိတ်ပြင်း သောအရွယ်။ သို့သော်...။ ဒါ ထောင်ချောက်ဆိုသော အသိနှင့် အစွန်းအထင်းမခံလိုသော ငြိမ်း ချမ်းရေးအသိအရ ငြိမ်းချမ်းစွာပင် ဆက်လက်ဆန္ဒပြသည်။

  နောက်ဆုံးဆန္ဒပြပွဲအပြီး လူစုခွဲကြသည့်အခါ အကြမ်းဖက် ချင်သူ ယင်းလူစုကပင် ဆန္ဒပြသူ များကို ဝင်ရောက်ထိုးနှက်ဖမ်းဆီး ခြင်း၊ ရဲတပ်ဖွဲ့က ဖမ်းဆီးလာသူ များကိုလည်း ဝင်ရောက်ထိုးနှက် အကြမ်းဖက်ကြသည်။ သူတို့ ကိုယ် သူတို့ အာဏာပိုင်များလိုလို၊မသိသူများအတွက် ရဲတပ်ဖွဲ့၏ လက်ရုံးများလိုလို။ ထိုသို့ ဝင်ရောက်ထိုးနှက် အကြမ်းဖက်ခြင်း ကို ရဲတပ်ဖွဲ့ဝင်များကလည်း ဟန့်တားခြင်းမရှိသဖြင့် အင်မတန် ရိုးစင်းပြီး အင်မတန်နားလည်ရ ခက်သော ပုစ္ဆာတစ်ပုဒ်သဖွယ် ကျွန်တော်တို့ ရယ်ကျဲကျဲဖြစ်ရ သည်။

မည်သို့ပင်ဆိုစေ စစ်ပွဲရပ် ဆန္ဒပြသူများမှာ မတရားမှုမှန်း သိလျက်၊ တစ်ဖက်သတ်ကြီးမှန်း သိလျက် သူတို့အကြမ်းဖက်သလို ငါတို့လည်း အကြမ်းဖက်မယ်ဆို သည့်စိတ်မျိုး မရှိ။ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဆိုသည့် မူလတရား ကိုယ်ကို အပျက်မခံ။

အထက်ပါဖြစ်စဉ်နှင့်သိပ်မ ကွာသော တောင်ဥက္ကလာပတွင် ဧပြီ ၇ ရက်က ပြုလုပ်သည့် အခြေခံဥပဒေပြင်ဆင်ရေး လူထု ထောက်ခံပွဲကို စာရှုသူတို့က မှတ် မိကြဦးမည်ဟု ထင်၏။ အင်အား တစ်ထောင်ဝန်းကျင်ရှိသော ယင်း ထောက်ခံပွဲသို့ အမျိုးသားရေးဟု ဆိုသူ ၅၀ ခန့်ရောက်ရှိလာကာ ဟောပြောသူများကို ဆဲဆိုခြင်း များပြုလုပ်ကြသည်။

တရားဝင်ဥပဒေနှင့်အညီ ဆောင်ရွက်နေသော လူထု ထောက်ခံပွဲသို့ ပြဿနာတစ်စုံ တစ်ရာဖြစ်ပွားစေရန် ရည်ရွယ် ချက်ဖြင့် လာရောက်ကန့်ကွက် ခြင်းသည်ပင်လျှင် ဥပဒေကြောင်း အရ မေးခွန်းထုတ်ရမည့် အနေအ ထားတွင် ကန့်ကွက်ခြင်းထက် ပို သော ရိုင်းစိုင်းစွာ ဆဲဆိုခြင်းမှာ ထောက်ခံပွဲတက်ရောက်သူအား လုံးကို စော်ကားခြင်းဖြစ်သည်။

သို့သော် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြ အေးက စည်းကမ်းရှိကြရန်နှင့် စိတ်လိုက်မာန်ပါမပြုလုပ်ကြရန် ထောက်ခံပြည်သူတို့အား သတိ ပေးသည်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကလည်း ၎င်းအပေါ် မေးမြန်း ဆွေးနွေးလိုသည်များရှိပါက စင် မြင့်ပေါ်သို့ ကြွရောက်ပါရန် မျိုးချစ်ဟုဆိုသူတို့၏ ခေါင်းဆောင် ဘုန်းကြီးနှစ်ပါးအား ရိုသေစွာလျှောက်ထားခဲ့သည်။ မျိုးချစ်ဟုဆိုသူတို့မှာ ဆန္ဒပြရာ ပန်းခြံမှ ထွက်ခွာသည့်အခါတွင်ပင် အော် ဟစ်ဆဲဆိုကြိမ်းမောင်းသွားသေး သည်။

ပြောရလျှင် အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒပြ သော ပြည်သူများမှာ ထိပ်တိုက် ရင်ဆိုင်ခြင်းကို မလိုလား၊ အကြမ်းဖက်ခြင်းကို မလိုလား၊ အကြမ်းမ ဖက်ငြိမ်းချမ်းစွာ ဆန္ဒပြမည်ဆို သည့် ယုံကြည်ချက်ကို အပျက် မခံ။ ဘယ်သူတရားပျက်ပျက် ငါတို့မပျက်ဘူးဆိုသည့် စိတ်ဓာတ် မျိုး၊ လူကြီးလူကောင်းစိတ်ဓာတ် မျိုးကို ပြသနိုင်ခဲ့သည်။

၂၀၁၉ မေလ ၅ ရက်တွင် တောင်ဥက္ကလာပဖြစ်စဉ်နှင့် သိပ် မကွာသောဖြစ်ရပ်တစ်ခု ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ဖြစ်ပွားခဲ့ ပြန်သည်။ ယခုအခါကတော့ ပြောင်းပြန်။ ဆန္ဒပြပွဲကို ဦးဆောင် သူမှာ အမျိုးသားရေးတပ်ပေါင်းစု (ရန်ကုန်)ဟု သိရသည်။ ဆန္ဒပြ တောင်းဆိုသည့် အဓိကအ ကြောင်းအရာကတော့ အခြေခံ ဥပဒေပုဒ်မ ၅၉ နှင့် ပုဒ်မ ၃၆၀ အား ကာကွယ်စောင့်ရှောက်ရေး၊ ပုဒ်မ ၂၁၆ အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေးတို့ဖြစ်သည်။

ယင်းဆန္ဒပြပွဲတွင် ဘုန်းကြီး ဦးဝီရသူဟောပြောနေစဉ် ဟော ပြောသည့် အကြောင်းအရာများ မှာ မှန်ကန်မှုမရှိကြောင်း အမျိုး သားနှစ်ဦးက တန်ပြန်အော်ဟစ် သည်။ အမျိုးသားတစ်ဦးက ထိုသို့ အော်သူနှစ်ဦးကို ဖျောင်းဖျသည်။  ဆန္ဒပြပွဲတွင် ပါဝင်သော အမျိုး သားရေးဟုဆိုသူများက ထိုသုံးဦး ကို ဝိုင်းဝန်းထိုးကြိတ်သည်။ ယင်း သုံးဦးထွက်ပြေးစဉ် ရဲတပ်ဖွဲ့ဝင် များကလည်း လိုက်၊ အမျိုးသား ရေးဟုဆိုသူတို့လည်း လိုက်ဖြင့် ဝရုန်းသုန်းကားဖြစ်ခဲ့သည်။ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ကျောက်တံတား ရဲစခန်းသို့ ခေါ်ဆောင်လာစဉ်မှာ ပင် ဆန္ဒပြပွဲတွင် ပါဝင်သူအချို့က လိုက်လံထိုးကြိတ်ပြန်သည်။ (ဆို တော့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိန်းသိမ်းထားပြီးသည့်တိုင် ဝင် ရောက်ထိုးကြိတ်ခြင်းမှာ ရဲတပ်ဖွဲ့ ဝင်များကို ဂရုစိုက်စရာမလိုသည့် သဘော၊ ရဲတပ်ဖွဲ့ဝင်တို့၏ အဓိပ္ပာယ်ကို စိန်ခေါ်သည့် သဘောဖြစ်သည်။)

ပို၍ ဆိုးတာက လိုက်လံ သတင်းယူနေသော သတင်း ထောက်များကို အမျိုးသားရေးဟု ဆိုသူတို့က ညစ်ညမ်းစွာ ဆဲရေး ရုံတင်မက ရန်စခြင်းလည်း ပြု လုပ်ခြင်းဖြစ်သည်။

ပြောရလျှင် ဦးဝီရသူဟော ပြောနေစဉ် လာရောက်ကန့်ကွက် အော်ဟစ်ခြင်းမှာ ယခင် တောင် ဥက္ကလာခြေဥပြင်ဆင်ရေး လူထု ထောက်ခံပွဲသို့ မျိုးချစ်ဟု ဆိုသူတို့ ပြုမူသကဲ့သို့ ဆဲရေးတိုင်းထွာခြင်း မျိုးမပါသော်လည်း လက်ခံနိုင် စရာမရှိ။

ထို့အတူ ကန့်ကွက်အော် ဟစ်သူများကို ငြိမ်းချမ်းစွာ ဖြေ ရှင်းကိုင်တွယ်ခြင်းမျိုးမရှိဘဲ အ ကြမ်းဖက်သော နည်းဖြင့် ကိုယ်ထိ လက်ရောက်တုံ့ပြန်ခြင်းကိုလည်း  မည်သို့မျှ လက်ခံလို့မရပေ။ ထို့ ပြင် ထွက်ပြေးသွားသူ သုံးဦး နောက် တရကြမ်းလိုက်လံထိုး ကြိတ်ကြခြင်းသည် အများပြည်သူ ကို အထိတ်တလန့်ဖြစ်စေပါ သည်။

 မည်သည့်နိုင်ငံသားမဆို ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိပါသည်။ အခြေခံ ဥပဒေပုဒ်မ ၅၉ နှင့် ပုဒ်မ ၃၆၀ ကို ကာကွယ်စောင့်ရှောက်လိုသော၊ ပုဒ်မ ၂၁၆ ကို ပြင်ဆင်လိုသော သဘောထားကို ထုတ်ဖော်ပြသ ခြင်းသည် တစ်ဦးချင်းစီနှင့် အစု အဖွဲ့တို့၏အခွင့်အရေးဖြစ်သော် လည်း မိမိတို့၏အခွင့်အရေး၊ မိမိ တို့၏ဆန္ဒကို ထုတ်ဖော်ရာ၌ အဓိ ကရုဏ်းဖြစ်စေနိုင်သော၊ အကြမ်းဖက်မှုကင်းသောဆန္ဒထုတ်ဖော်မှု မျိုးဖြစ်ရန် လိုပေမည်။ ဆန္ဒထုတ် ဖော်ခြင်းသည် အများပြည်သူမြင် ကွင်းရှေ့ နိုင်ငံရေးဆောင်ရွက်မှု ဖြစ်သောကြောင့် ဆန္ဒထုတ်ဖော် သူတစ်ဦးချင်းစီ၏ ပြုမူဆောင် ရွက်ချက်သည် မိမိ၏အဖွဲ့အစည်း နှင့် မိမိတို့ထောက်ခံသော အဖွဲ့အစည်းအပေါ် တိုက်ရိုက်သက် ရောက်မှုရှိကြောင်း နားလည်ကြ ရန် လိုပေမည်။

အထက်တွင် တင်ပြခဲ့သော စစ်ပွဲရပ်ဆန္ဒပြပွဲတွင် တောင်ဥက္က လာခြေဥပြင်ဆင်ရေးထောက်ခံပွဲ များလို မည်သို့သော ရန်စမှု၊ မည် သို့သော အော်ဟစ်ဆဲဆိုမှုများ ရှိခဲ့ပါစေ။ အကြမ်းမဖက်သော နိုင်ငံ ရေး (သို့မဟုတ်) ငြိမ်းချမ်းစွာဆန္ဒ ပြခြင်းတည်းဟူသော ယုံကြည် ချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထား နိုင်ရန် လိုပေမည်။

ဘာကြောင့် အကြမ်းမဖက် သော ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို  ခိုင်မာစွာ ဆုပ်ကိုင်ထားရန် လိုအပ်သနည်း။ ယင်းမှာ မြန်မာ့ဒီမိုကရေ စီတော်လှန်ရေးကို ပုံဖော်ခဲ့သော အဓိကကြန်အင်လက္ခဏာတစ် ရပ်ဖြစ်သလို အကြမ်းမဖက်သော နိုင်ငံရေးကို မြန်မာမှသည် ကမ္ဘာ ဆီသို့ အရောက်ပို့ဆောင်နိုင်ခဲ့ ခြင်းလည်းဖြစ်သည်။

ယခုကဲ့သို့ သက်ဆိုင်ရာသို့ အကြောင်းကြားစာပေးပို့ရုံဖြင့် ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်နိုင်ဖို့ရာ  အာဏာရှင်စစ်အစိုးရ၏ သေနတ် ပြောင်းဝရှေ့တွင် အကြမ်းမဖက် သော နိုင်ငံရေးနည်းဖြင့် ပြည်သူ တို့၏အသက်များစွာ ပေးဆပ်ကာ ဖြတ်လျှောက်လာခဲ့ခြင်း ဖြစ် သည်။ ရန်ကို ရန်ချင်း မတုံ့ပြန်၊ စစ်အစိုးရ၏ကျည်ဆန်ကို မေတ္တာ တရားဖြင့် တုံ့ပြန်ခဲ့သော ရွှေဝါ ရောင်တော်လှန်ရေးသည်လည်း အထင်ရှားဆုံး သက်သေပင်ဖြစ် သည်။

ပြည်သူတို့မှာ အကြမ်းဖက် ခံရခြင်းဒဏ်ကို နှစ်ပေါင်းရှည်ကြာ ခံစားလာခဲ့ရသဖြင့် အကြမ်းဖက် ခြင်းကို အနည်းငယ်မျှ လက်မခံ။ မိမိ၏လက်မခံမှုကို မိမိတွင် ရှိ သော အကြမ်းမဖက်ခြင်းနည်း လမ်းဖြင့် တွန်းလှန်ခဲ့ကြခြင်း ကြောင့် မည်သို့သော အကြမ်းဖက်မှုမျိုးကိုမဆို လက်မခံကြောင်း သိ ရှိကြရန် လိုပေမည်။

မြန်မာကို ယဉ်ကျေးသိမ်မွေ့သော၊ ငြိမ်းချမ်းသောဟူ၍ ရှေး နှစ်များစွာကတည်းက အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပြီးဖြစ်သည်။ ဗုဒ္ဓ၏ အရိပ်အာဝါသအောက် လူလား မြောက်ခဲ့သော မြန်မာသည် အကြမ်းဖက်မှုနှင့် လားလားမျှ မဆိုင်။

No comments:

Post a Comment