Friday, May 10, 2019

တီကျစ် ကျောက်မီးသွေးစက်ရုံအတွက် တစ်ရက်လျှင် ကျောက်မီးသွေး တန်ချိန် ၂၀ဝ၀ ကျော် အစိုးရက ဝယ်ယူရပြီး ထွက်လာသည့် ဓာတ်အားကိုလည်း တစ်ယူနစ်လျှင် ၁၀၇ ကျပ်ဖြင့် ဝယ်ယူနေရ၍ အစိုးရဘက်က ဆုံးရှုံးမှုပမာဏ များပြားသည်ဟု သိရ

ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု တီကျစ်ဒေသ ကျောက်မီးသွေးစက်ရုံအတွက် တစ်ရက်လျှင် ကျောက်မီးသွေး တန်ချိန်ပေါင်း ၂၀ဝ၀ ကျော် တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၀ဝ၀ ခန့် အစိုးရက ဝယ်ယူရပြီး ထွက်ရှိလာသည့် ဓာတ်အားကိုလည်း တစ်ယူနစ်လျှင် ၁၀၇ ကျပ်ဖြင့် ဝယ်ယူနေရ ၍ အစိုးရဘက်က ဆုံးရှုံးမှုပမာဏ များပြားသည်ဟု MATA အဖွဲ့မှ သိရသည်။

တီကျစ်ဒေသတွင် ကျောက်မီးသွေးမိုင်းတွင်းနှင့် ကျောက်မီးသွေးစက်ရုံတို့ ရှိကြပြီး မိုင်းတွင်းမှ ထွက်ရှိသော ကျောက်မီးသွေးများကို တစ်တန်လျှင် ကျပ် ၄၈၁၀ဝ ဖြင့် အစိုးရက ဝယ်ယူရပြီး တစ်ရက်လျှင် တန်ချိန်၂၀ဝ၀ ကျော်ရသဖြင့် တစ်ရက်လျှင် ကျောက်မီးသွေး ကျပ်သိန်း ၁၀ဝ၀ ခန့် ဝယ်ယူရပြီး စက်ရုံ လည်ပတ်နိုင်ရန် ကျောက်မီးသွေးများ တင်ပို့ပေးရခြင်း ဖြစ်ကြောင်း သိရသည်။ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့လျှပ်စစ်ဓာတ်အားပေးစက်ရုံ လည်ပတ်နိုင်ရန် ကျောက်မီးသွေးများ တင်ပို့ပေးရပြီး ၂၀၁၅ ခုနှစ်မှ စတင်၍ စက်ရုံကို ဝူရှီဝှာကွမ်း ကုမ္ပဏီကို ငှားရမ်း လုပ်ကိုင်စေခဲ့ကာ စက်ရုံ ငှားရမ်းခအဖြစ် တစ်နှစ်လျှင် အသားတင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈ သန်းဖြစ်ပြီး ဌာနမှ ကျောက်မီးသွေး လောင်စာများကို ဖြည့်တင်းပေးရခြင်း ဖြစ်ကာ အဆိုပါ စက်ရုံ ငှားရမ်းခကို သုံးနှစ်စာ ပေးသွင်းခဲ့ပြီး ဖြစ်ကြောင်းနှင့်  ၂၀၁၉ ခုနှစ်အတွက်  ခြောက်လတာ ငှားရမ်းခ ပေးသွင်းရန် ကျန်ရှိကြောင်း ကုမ္ပဏီဘဏ္ဍဍာရေး တာဝန်ခံက လူထုတွေ့ဆုံပွဲတွင် ထုတ်ဖော် ပြောကြားသည်။

စာရင်းများအရ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တီကျစ်စက်ရုံ ငှားရမ်းခ ကျပ်သန်း ၁၆၀ဝ ကျော်သာ ရရှိပြီး တီကျစ်မှ ထွက်ရှိသော ဓာတ်အားကို အစိုးရက ပြန်လည် ဝယ်ယူရာတွင် ကျပ်သန်း နှစ်သောင်းကျော် ပေးဝယ်ရခြင်း ဖြစ်သဖြင့် ဆုံးရှုံးမှု ပမာဏသည် များပြားပြီး ငွေကြေးအားဖြင့် လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးခြင်းနှင့် လူမှုဘဝ ထိခိုက်ပျက်စီး ဆုံးရှုံးခြင်းများကို အစိုးရတစ်ရပ် အနေဖြင့် ချိန်ထိုးကြည့်ရန် လိုအပ်ပြီး ပေးရသည်နှင့် ပြန်လည်ရရှိမှု တန်မတန် စဉ်းစားသင့်ကြောင်း MATA အဖွဲ့က ပြောကြားသည်။


အစိုးရက ကျောက်မီးသွေးကိုလည်း ဝယ်ယူပေးရပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အား ပြန်လည် ဝယ်ယူနေရသဖြင့် ကျောက်မီးသွေးဖိုး အပါအဝင် တစ်ယူနစ်လျှင် ၁၀၇ ကျပ်နှုန်းဖြင့် ပြန်လည် ဝယ်ယူနေရသဖြင့် ဆုံးရှုံးမှု ကြီးမားပြီး ကုမ္ပဏီနှင့် မိုင်းတွင်းသာ တွက်ခြေကိုက်နေပြီး အစိုးရမှ ရှုံးနေကြောင်း၊ လူထုအတွက် လိုအပ်ချက်အရ ဆိုသော်လည်း ငွေကြေး၊ သဘာဝပတ်ဝန်းကျင်၊ လူမှုဘဝ  ပျက်စီးထိခိုက် ဆုံးရှုံးမှုများကို တစ်ဖန် ပြန်လည် စဉ်းစားသုံးသပ်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း MATA အဖွဲ့မှ ဦးအောင်ကျော်မိုး က ပြောကြားသည်။

ကျောက်မီးသွေးမိုင်းတွင်း လုပ်ကိုင်နေသော ဧဒင်စွမ်းအင် ကုမ္ပဏီသည် ၂၀ဝ၄ ခုနှစ်တွင် အစိုးရထံမှ ငွေကျပ် ငါးဘီလျံ ချေးယူခဲ့ပြီး ၂၀၁၅ ခုနှစ်အထိ ငွေကျပ် ၃ ဒသမ ၅ ဘီလျံသာ ပြန်ဆပ်ခဲ့ပြီး ကြွေးကျန် ၁ ဒသမ ၅ ဘီလျံ အစိုးရက ရရှိရန် ကျန်ရှိသေးပြီး  ၂၀၁၅ ခုနှစ်တွင်လည်း နောက်ထပ် ငွေကျပ် ၁ ဒသမ ၈ ဘီလျံ ချေးယူထားခြင်းလည်း ရှိသေးကြောင်း သိရသည်။

ယခုအခါ ကျောက်မီးသွေးမိုင်းတွင်း ဧရိယာသည် ယခင်ကနှင့် မတူတော့ဘဲ ၂၀၁၉ ခုနှစ်တွင် တဖြည်းဖြည်း ကြီးမား ကျယ်ပြန့်လာပြီး ထပ်မံ တိုးချဲ့လာနေသဖြင့် လူထုမြေယာများ ထပ်မံပျက်စီးမည့် အခြေအနေ ရှိနေကြောင်း၊ မြေစာပုံကြီးသည်လည်း တောင်တစ်လုံးသဖွယ် ဖြစ်နေပြီး မကြခဏ မီးလောင်မှုများလည်း ရှိနေသဖြင့် ကျေးရွာနေ လူထု စိုးရိမ်မှု မြင့်တက်နေကြောင်း သိရသည်။ ဧဒင်ကျောက်မီးသွေး မိုင်းတွင်းသည် လုပ်ကွက် တစ်ခုလျှင် ၄၉ ဒသမ ၅ ဧကဖြင့် လုပ်ကွက် ၁၀ ကွက်စာ၊ အကြီးစား လုပ်ကွက်အဖြစ် စုစုပေါင်း ဧရိယာ ဧက ၅၀ဝ ခန့်ရှိပြီး ၂၅ နှစ် လုပ်ပိုင်ခွင့် ရရှိထားကာ သက်တမ်း တိုးထားခြင်း ဖြစ်ကြောင်း သိရသည်။ ကျောက်မီးသွေး မိုင်းတွင်းကြောင့် စွန့်ပစ်ရေဆိုး ပြဿနာများ၊ စွန့်ပစ် မြေစာပုံများ ပြဿနာ၊ တိုးချဲ့လာလျှင် ထပ်မံ ဆုံးရှုံးမည့် မြေယာများ ပြဿနာ၊ ရေဦးရေထွက်များ ပျက်စီးခြင်း ပြဿနာရပ်များ၊ အင်းလေးကန် ရေဝေရေလဲ ဒေသအတွင်းသို့ စီးဝင်သွားမည့် ပြဿနာရပ်များနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ပျက်စီး ထိခိုက်ခြင်းများ ကြုံတွေ့နေရကြောင်း တီကျစ်ဒေသခံများထံမှ သိရသည်။

အဆိပ်သင့်နေမှု အခြေအနေများကို အစိုးရမှ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိလျှင် အစိုးရနှင့် စက်ရုံကို ပြည်သူလူထု ကိုယ်စား MATA အဖွဲ့က တရားစွဲဆိုတော့မည် ဖြစ်ကြောင်း မေ ၇ ရက်တွင် ပြုလုပ်ခဲ့သော လူထု တွေ့ဆုံပွဲနေ့တွင် ပြောကြားခဲ့သည်။

တီကျစ်ဒေသတွင် ကျောက်မီးသွေး၊ မိုင်းတွင်းနှင့် စက်ရုံတို့မှ စွန့်ပစ်သော ပြာများကြောင့် လေထု နှင့် ရေထု ညစ်ညမ်းပျက်စီးမှုများ ကြုံတွေ့နေရပြီး ကျန်းမာရေး ထိခိုက်မှု များစွာရှိနေကြောင်း၊ လူမှုဘဝ ထိခိုက်မှု၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု များစွာ ရှိနေခြင်းဖြစ်ကြောင်း MATA အဖွဲ့က နောက်ဆုံး လေ့လာတွေ့ရှိချက်များကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်သည်။

No comments:

Post a Comment