Friday, May 10, 2019

ဆီးရီးယားအစိုးရတပ်နှင့် သူပုန်အဖွဲ့ တိုက်ပွဲအရှိန်မြင့်လာ၊ သေဆုံးသူ ၁၈၈ ဦးရှိပြီ

ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်နဲ့ သူပုန်တွေရဲ့ တိုက်ပွဲတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေပြီး ဧပြီ ၃၀ ရက်နေ့ကနေ ဒီနေ့ထိ ပဋိပက္ခတွေအတွင်း အရပ်သား ၈၅ ယောက် အပါအဝင် စုစုပေါင်း ၁၈၈ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SOHR) က မေ ၈ ရက်နေ့မှာ ပြောပါတယ်။ ဧပြီနှောင်းပိုင်းကစပြီး ဆီးရီးယားသူပုန်တွေ ခြေကုပ်ယူထားတဲ့ လက်ကျန်ဒေသတွေမှာ အစိုးရတပ်တွေဟာ လေကြောင်းကတဆင့် တိုက်ခိုက်တာ၊ ဗုံးကြဲတာတွေအပြင် အမြောက်ဆန်တွေနဲ့ ပစ်ခတ် ထိုးစစ်ဆင်ခဲ့ကြပါတယ်။



အပစ်အခတ်ရပ်ပြီး ကာကွယ်ရေးနယ်မြေအဖြစ် သတ်မှတ်ဖို့ လွန်ခဲ့တဲ့ ၈ လက ရုရှားနဲ့ တူရကီအကြား သဘောတူခဲ့တဲ့ အီဒလစ်ပြည်နယ်ဟာလည်း အမည်ခံပဲ ရှိပါတော့တယ်။

မေ ၈ ရက်နေ့က ကယ်ဆယ်ရေးသမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ ဟိရှ်မြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတွေကို အရေးပေါ်ကားပေါ် တင်ဆောင်နေတဲ့ ရုပ်သံဖိုင်တွေကို ဆီးရီးယား အရပ်ဘက်ကာကွယ်ရေးအဖွဲ့လို့ လူသိများတဲ့ ခမောက်ဖြူအဖွဲ့က ထုတ်ဖော်ပြသခဲ့ပါတယ်။

ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်က အီဒလစ်ပြည်နယ် အပါအဝင် သူပုန်တွေ သိမ်းပိုက်ထားတဲ့ ဆီးရီးယားနယ်မြေအားလုံးကို တလက်မမျှမကျန်အောင် ပြန်သိမ်းမယ်လို့ ကြွေးကြော်ထားပါတယ်။

No comments:

Post a Comment