Friday, May 10, 2019

ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးစီမံချက်များဆောင်ရွက်ရန် ဂျပန်အစိုးရနှင့် ကုလသမဂ္ဂဌာနရှစ်ခုတို့ သဘောတူစာချုပ်လက်မှတ်ရေးထိုးထား

ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးစီမံချက်များ ဆောင်ရွက်ရန် ဂျပန်အစိုးရ နှင့် ကုလသမဂ္ဂဌာနရှစ်ဌာနတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားကြောင်း ယူနီဆက်ဖ် (မြန်မာ) မှ သိရသည်။ ဂျပန်အစိုးရသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးစီမံချက်လုပ်ငန်းများကို ထောက်ပံ့ကူညီပေးခြင်းဖြစ်ပြီး အဆိုပါစီမံချက်များ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၃၇ သန်းကူညီမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေများကို ပြည်နယ်သုံးခုရှိ အသက်ကယ်ခြင်းဆိုင်ရာ အကူအညီများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စသည်တို့တွင် ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။



ထို့ပြင် ယူနီဆက်ဖ်က မြန်မာနိုင်ငံတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အာဟာရ စသည့်ကဏ္ဍဍများအတွက် ငါးနှစ်တာစီမံကိန်းအသစ် (၂၀၁၈-၂၀၂၂) ကို စတင်လုပ်ဆောင်လျက်ရှိပြီး ယင်းလုပ်ငန်းများကို ပဋိပက္ခဒဏ်ခံစားရသည့် ကလေးငယ်များ၊ နေရပ်စွန့်ခွာ နှင့် အခြားသောလူသားချင်းစာနာထောက်ထားမှု အခြေအနေများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့အတွက် ရည်မှန်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ယူနီဆက်ဖ်၏ ငါးနှစ်တာစီမံကိန်း အသစ်သည် ယူနီဆက်ဖ်၏ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ၂၀၁၈ -၂၀၂၁ နှင့် ကိုက်ညီမှု ရှိရမည့်အပြင် အစိုးရ၏ ဦးစားပေးလုပ်ငန်းများကို ထင်ဟပ်စေရမည့် ဆက်စပ်ရလဒ် ခြောက်ခုရရှိစေရန် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ပထဝီနေရာအနေအထား ဦးစားပေးမှုသည် စီမံကိန်းတွင် ပါဝင်သည့် လုပ်ငန်းများနှင့် ဖွံ့ဖြိုးမှုတိုင်းတာညွှန်းကိန်းများ တိုးတက်မှုအပေါ်တွင် ပြောင်းလဲနိုင်ကြောင်း သိရသည်။

“ဒီစီမံကိန်းမှာ ကျန်းမာရေးနဲ့  အာဟာရကဏ္ဍဍ၊ ပညာရေးကဏ္ဍဍ၊ ရေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်း ရေးကဏ္ဍဍ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကဏ္ဍဍနှင့် လူမှုရေးဆိုင်ရာမူဝါဒနဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ စောင့်ကြည့်သုံးသပ်ရေးကဏ္ဍဍတို့ ပါဝင်ပါတယ်။ စီမံကိန်းမှာ ပါဝင်မယ့်လုပ်ငန်းတွေက ပဋိပက္ခဒဏ်ခံစားရတဲ့ ကလေးငယ်တွေ၊ နေရပ်စွန့်ခွာနဲ့ အခြားသောလူသားချင်းစာ နာထောက်ထားမှုအခြေအနေတွေ ဖြစ်နေတဲ့ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တို့အတွက် ရည်မှန်းထားပါတယ်” ဟုယူနီဆက်ဖ်  (မြန်မာ) ၏ ဌာနေကိုယ်စားလှယ် Ms.Kunugi က ပြောကြားသည်။

ကျန်းမာရေးနှင့် အာဟာရကဏ္ဍဍတွင် အသက်ငါးနှစ်အောက်ကလေးများ၊ ဆယ်ကျော်သက်အမျိုးသမီးငယ်များအပါအဝင် မျိုးဆက်ပွားအရွယ်ရှိ အမျိုးသမီးများအတွက် အထောက်အထားခိုင်လုံမှုရှိသည့် ကျန်းမာရေး၊ ကာကွယ်ဆေးထိုးခြင်း၊ အိပ်ခ်ျအိုင်ဗွီနှင့် အာဟာရဆိုင်ရာလုပ်ငန်းများကိုသာ တူညီမျှစွာ လက်လှမ်းမီနိုင်ရေးနှင့် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment