Friday, May 10, 2019

ဟွာဝေး ဘဏ္ဍာရေးအမှုဆောင်ကို ပြန်လွှတ်ပေးရန် တရုတ် ထပ်မံတောင်းဆို

ကနေဒါနိုင်ငံမှာ အဖမ်းခံထားရတဲ့ ဟွာဝေးကုမ္ပဏီရဲ့ ဘဏ္ဍာရေးအမှုဆောင် မုန့်ဝမ်ကျိုးကို ပြန်လွှတ်ပေးပြီး တရုတ်နိုင်ငံ ပို့ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဂန်ရှောင်းက မေလ ၉ ရက်နေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။ ဒါဟာ လေးနက်တဲ့ နိုင်ငံရေးဖြစ်ရပ်တခုလို့လည်း သူကဆက်ပြောခဲ့ပါတယ်။ အသက် ၄၇ နှစ်အရွယ် မုန့်ဝမ်ကျိုးဟာ အမေရိကန်က အရေးယူ ပိတ်ဆို့ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အီရန်နိုင်ငံနဲ့ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေ အရောင်းအဝယ် လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။



အဲဒီနောက် ကနေဒါနိုင်ငံကို ရောက်နေချိန်မှာ အဖမ်းခံခဲ့ရတာပါ။ မုန့်ဝမ်ကျိုးဟာ ဟွာဝေးကုမ္ပဏီ တည်ထောင်သူ ရန်ကျန်းဖေးရဲ့ သမီးလည်း ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဖမ်းမိန့်အရ ၂၀၁၈ ဒီဇင်ဘာလက ကနေဒါနိုင်ငံ ဗန်ကူးဗားလေဆိပ်မှာ အဖမ်းခံခဲ့ရတဲ့ မုန့်ဝမ်ကျိုးဟာ လက်ရှိမှာ တရုတ်နိုင်ငံကို ပြန်ပို့ခံရရေး ကြိုးစားနေပါတယ်။

တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ အထောက်အပံ့ ဖြစ်မယ်ဆိုရင် အမေရိကန်အစိုးရက မုန့်ဝမ်ကျိုးကို တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး ကြားဝင်ဖြေရှင်းပေးမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က မုန့်ဝမ်ကျိုး အဖမ်းခံရပြီးနောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

No comments:

Post a Comment