Friday, May 10, 2019

ရန်ကုန်တိုင်းတွင် လာမည့် ဇွန်လအထိ ဝန်အားထိန်းညှိကာ ဓာတ်အားပေးသည့် စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ညပိုင်းတွင် စက်မှုဇုန်များအား ဓာတ်အားပေးနိုင်ခြင်း မရှိကြောင်း သိရ

ရန်ကုန်တိုင်းတွင် လာမည့် ဇွန်လအထိ ဝန်အားထိန်းညှိကာ ဓာတ်အားပေးသည့် စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ညပိုင်းတွင် စက်မှုဇုန်များအား ဓာတ်အားပေးနိုင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ခေတ္တ CEO ဦးအောင်ကျော်ဦးက ပြောကြားသည်။ေ မ ၉ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာ ကာလအတွင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ မည်သည့်အချိန်တွင် ပြေလည်နိုင်မလဲ ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ゞင်းကပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။



“ကျွန်တော်တို့ အခု လောလောလတ်လတ် ရန်ကုန်တိုင်းမှာ စုစုပေါင်း မဂ္ဂါဝပ် ၁၆၀ဝ၊ ၁၇၀ဝ လောက် လိုတဲ့ အထဲကနေပြီးတော့ ကျွန်တော်တို့ မဂ္ဂါဝပ် ၁၃၀ဝ နဲ့ Pick အချိန်မှာ ၁၄၀ဝ လောက်အထိ ရရှိပြီးတော့ ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိပါတယ်။ လတ်တလော အားဖြင့်တော့ Generation အပိုင်းမှာ ပြည့်ပြည့်ဝဝ မပေးနိုင်တဲ့ အတွက်ကြောင့် ဒီ တစ်လရယ်၊ နောက် တစ်လရယ်၊ ကျွန်တော်တို့ အခုမှန်းထားတာ ကတော့ မေလ၊ ဇွန်လရယ်မှာ ဓာတ်အားကို ဝန်အား ထိန်းညှိပြီးတော့ ဓာတ်အားပေးတဲ့ အစီအစဉ် ဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့ အခု မီးပေးနေတာတော့ တစ်မြို့နဲ့ တစ်မြို့နဲ့တော့ မတူပါ ဘူး။ ဒါပေမဲ့ အများစုက ကျွန်တော်တို့က အဖွဲ့လေးဖွဲ့ ခွဲပြီးတော့ ဓာတ်အား ဖြန့်ဖြူးလျက် ရှိပါတယ်။ Group A ၊ B ၊ C ၊ D ဆိုပြီးတော့ ခွဲပြီးတော့ လိုအပ်တဲ့ လျှော့ချရမယ့် ပမာဏကို လျှော့ချပြီးတော့ ဓာတ်အား ဖြန့်ဖြူးလျက် ရှိပါတယ်။ တစ်ဖွဲ့တစ်ဖွဲ့ကို ကျွန်တော်တို့ အများစုကတော့ နှစ်နာရီ ပျက်၊ ၆ နာရီ မီးပေးတဲ့စနစ်နဲ့ ဓာတ်အားပေးနေပါတယ်။ ညဘက်မှာတော့ အားလုံး ဓာတ်အားရဖို့အတွက်ကို ကျွန်တော်တို့ စီစဉ်နေပါတယ်။ ညပိုင်းမှာ ကျွန်တော်တို့ စက်မှုဇုန် အားလုံးကို ဓာတ်အား ပိတ်ထားပြီးတော့ အများပြည်သူကို ဓာတ်အားပေးလျက် ရှိပါတယ်”ဟု ဦးအောင်ကျော်ဦးက ပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၅ မဂ္ဂါဝပ် ဒီဇယ်စက်များဖြင့်လည်း တစ်ရက်လျှင် ၁၀ နာရီ မောင်းနှင်၍ ဓာတ်အား ပေးနေကြောင်း ဦးအောင်ကျော်ဦးက ပြောကြားသည်။

ဦးအောင်ကျော်ဦးက ”ကျွန်တော်တို့ ရန်ကုန်မှာရှိတဲ့ ၂၅ မဂ္ဂါဝပ် စက်တစ်လုံး ရှိပါတယ်။ အဲဒီစက်ကို ကျွန်တော်တို့ ဒီဇယ်နဲ့ တစ်နေ့ကို ၁၀ နာရီ မောင်းနှင်ပြီးတော့ ဓာတ်အားပေးပါတယ်။ ဒီဇယ်စက်နဲ့ ဓာတ်အားပေးတဲ့အတွက်ကို တစ်နေ့ကို ဆီဂါလန် ၁၈၀ဝ၀ လောက် သုံးပြီးတော့ ဓာတ်အားပေးလျက် ရှိပါတယ်။ ဒါတော့ ရန်ကုန်တိုင်းထဲမှာကို ကျွန်တော်တို့ ဒီဇယ်နဲ့ သုံးနေတဲ့ စက် နှစ်လုံး ရှိပါတယ်။ တစ်လုံးက ကျွန်တော်တို့ သာကေတမှာရှိတဲ့ ၂၅ မဂ္ဂါဝပ် တစ်လုံး ရှိပါတယ်။ နောက်တစ်ဖက်က သီလဝါဘက်မှာရှိတဲ့ ၂၅ မဂ္ဂါဝပ် နှစ်လုံး ရှိပါတယ်။ အဲတော့ အဲဒီစက်တွေ အားလုံးကို ကျွန်တော်တို့ ဒီဇယ်နဲ့ မောင်းနှင်ပြီးတော့ ဓာတ်အားပေးလျက် ရှိပါတယ်”ဟု ပြောကြားသည်။

လျှပ်စစ်ဓာတ်အား ထုတ်ယူ သုံးစွဲနေသည့် ဆည်များအား ထိန်းသိမ်း မောင်းနှင်ခဲ့သော်လည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပမာဏသည် ခန့်မှန်းထားသည်ထက် တိုးတက်လာခဲ့ခြင်းကြောင့် မဖြစ်မနေ ထုတ်ယူ သုံးစွဲခဲ့ရကြောင်း၊ လာမည့် မုတ်သုံရာသီ ရောက်မှသာ ဝန်အားလျှော့ချ နေရသည့် အခက်အခဲများအား ကျော်လွှားနိုင်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားသည်။

ဦးတင်မောင်ဦးက “ကျွန်တော်တို့ တတ်နိုင်သလောက် ရေအားလျှပ်စစ် ဆည်တွေကို ကျွန်တော်တို့ ထိန်းသိမ်း မောင်းနှင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ထိန်းသိမ်း မောင်းနှင်ရင်းကနေမှ တခါတလေမှာ ကျွန်တော်တို့ ဓာတ်အား လိုအပ်ချက်အရ Demand ကလည်း ဒီနှစ် ကျွန်တော်တို့ အရင်ခန့်မှန်းတာက တစ်နှစ်ကို မဂ္ဂါဝပ် ၃၀ဝ လောက်ပဲ ၄၀ဝ လောက်ပဲ တက်မယ်လို့ ခန့်မှန်းပေမယ့် တကယ်တမ်းကျတော့ ဒီနှစ်မှာ ၃၇၀ဝ အထိ ကျွန်တော်တို့ တက်သွားပါတယ်။ တက်သွားတဲ့အချိန်မှာ ကျွန်တော်တို့ မဖြစ်မနေ လိုအပ်တဲ့ ဓာတ်အားကို ဖြည့်စွမ်းဖို့အတွက် ရေအားလျှပ်စစ်က ရေတွေကို ကျွန်တော်တို့ ထုတ်ယူပြီးတော့ မောင်းနှင်ခဲ့ရပါတယ်”ဟု ပြောကြားသည်။

ဖေဖော်ဝါရီလနှင့် မတ်လများတွင် လျှပ်စစ်ဓာတ်အား သုံးစွဲသည့် ပမာဏ တိုးလာသည့်အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်မီနိုင်ရန် ထုတ်ယူ မောင်းနှင်ခဲ့ရကြောင်း၊ ယင်းသို့ ထုတ်ယူ မောင်းနှင်ခဲ့ရခြင်းအပြင် ပူပြင်းသည့် ရာသီတွင် လျှပ်စစ်ပစ္စည်း အသုံးအဆောင်များ ပိုမို သုံးစွဲလာခြင်းကြောင့် လိုအပ်မှုများလာပြီး ဝန်အား လျှော့ချရမှုများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးတင်မောင်ဦးက ဆိုသည်။     

No comments:

Post a Comment