Friday, May 10, 2019

ဆေးခြောက်စိုက်ခင်း ဟုဆိုကာ ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသား တစ်ဦး အပါအဝင် သုံးဦးအား ချုပ်ရမန် နှစ်ပတ် ထပ်တိုး၍ စစ်ဆေးနေပြီး ရမန်ကြီး ပြည့်သည့် မေ ၂၁ ရက်တွင် လက်ရှိ စွဲဆိုထားသော ပုဒ်မများဖြင့် တရားစွဲတင်နိုင်ခြင်း မရှိပါက အမှုပိတ်သိမ်းရမည် ဖြစ်ကြောင်း III M ကုမ္ပဏီရှေ့နေ ပြောကြား

ဆေးခြောက်စိုက်ခင်း ဟုဆိုကာ ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသား တစ်ဦး အပါအဝင် သုံးဦးအား ချုပ်ရမန် နှစ်ပတ် ထပ်တိုးကာ စစ်ဆေးနေပြီး ရမန်ကြီး ပြည့်သည့် မေ၂၁ ရက်တွင် လက်ရှိ စွဲဆိုထားသည့် ပုဒ်မများဖြင့် တရားစွဲတင်နိုင်ခြင်း မရှိပါက အမှုပိတ်သိမ်းရမည် ဖြစ်ကြောင်း III M ကုမ္ပဏီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ  တော်ဝင်ဦးခင်မောင်သန်း ကပြောကြားသည်။

လူမှုကွန်ရက် စာမျက်နှာတွင် ဆေးခြောက်စိုက်ခင်းဟု ပျံ့နှံ့ ထွက်ပေါ်ခဲ့မှုအရ မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်း စိုက်ပျိုးထားသည့် ဧက ၅၀ ခန့်ရှိ အမေရိကန်နိုင်ငံ III M ကုမ္ပဏီ၏ သုတေသန စိုက်ခင်းအား မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများက ဧပြီ ၂၂ ရက်က ဝင်ရောက် စစ်ဆေးခဲ့ကာ စိုက်ပျိုးပင်များအား နမူနာယူ ဓာတ်ခွဲစမ်းသပ်ရာ ဆေးခြောက် (Cannabis) ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ခြင်းကြောင့် စိုက်ခင်းတာဝန်ခံ နှစ်ဦးနှင့် အမေရိကန်နိုင်ငံသား တစ်ဦးအား ဖမ်းဆီးထားခြင်း ဖြစ်သည်။ အဆိုပါ ဖမ်းဆီးထားသူ သုံးဦးအား မေ ၇ ရက်က ငါန်းဇွန်မြို့နယ် တရားရုံးတွင် ရုံးထုတ်ကာ ရဲလုပ်ငန်းစဉ်များ မပြီးပြတ်သေးသောကြောင့် ရမန်ကြီး နှစ်ပတ် ထပ်တိုးကာ စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ရမန်ကြီး ပြည့်မည့် မေ ၂၁ ရက်တွင် မြင်းခြံမြို့နယ် တရားရုံးတွင် တရားစွဲတင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ III M ကုမ္ပဏီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ တော်ဝင်ဦးခင်မောင်သန်းက “ရမန်က ၂၁ ရက် ၅ လပိုင်း ၂၀၁၉ နောက်ဆုံးရက်ပဲ။ ရမန်ကြီး ပြည့်ရင် အဲဒီနေ့မှာ နောက်ဆုံး တရားစွဲတင် ခံရမယ်။ သူတို့ စွပ်စွဲထားတဲ့ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲ စေတတ်သော ဥပဒေတွေနဲ့ နောက်ဆုံးထားပြီး တရားစွဲတင်ရမယ်။ သူတို့ မတင်နိုင်ရင် ဒီအမှုက ပြန်ပိတ်ရမယ်။ ဒါမှမဟုတ် သူတို့ တခြားပုဒ်မ တစ်ခုတပ်ပြီးမှ ရမန် ထပ်ယူမှာလား။ ဒါက ရဲလုပ်ငန်းပဲ တရားရုံးနဲ့ မဆိုင်သေးဘူး ။ ကျွန်တော်တို့က အဲဒီ နေ့မှာ ရဲလုပ်ငန်း ပြီးလား မပြီးဘူးလား ဆိုတာ ခန့်မှန်းရ ခက်နေတယ်။ နောက်တစ်ချက် ကျွန်တော်တို့က ဒီဖမ်းဆီးရမိပါတယ် ဆိုတဲ့ စိုက်ပျိုးပင်တွေက ဓာတ်ခွဲထားတယ်။ အဆီ ထုတ်ထားတယ်။ အခြောက်ခံတယ်။ ဒါ သုတေသနပြုဖို့ လုပ်ငန်းအတိုင်းပဲ ရှိသေးတယ်။ သူတို့က ဒါတွေကို ဆေးခြောက်အနွယ်ဝင်လို့ ဒီပုဒ်မတွေ တပ်ထားတာလား။ ဒါတွေကို ကျွန်တော်တို့ဘက်က မသိရသေးဘူး” ဟု ပြောကြားသည်။


ထို့ပြင် အမေရိကန်နိုင်ငံ III M အာဟာရ ဆေးဝါးကုမ္ပဏီမှာ ဇီဝလောင်စာနှင့် သဘာဝ ဆေးဖက်ဝင်လျှော်ပင် စမ်းသပ် စိုက်ပျိုးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် အမေရိကန်နိုင်ငံမှ တင်သွင်းသည့် သဘာဝဂုန်လျှော်မျိုးစေ့ United Sates (Kompolti/AB Seeds) and EU (Kompolti/EU8 Seeds) ကို ၂၀၁၈ ခုနှစ် မေလခန့်မှ စတင်ကာ တရားဝင် သုတေသနပြုလုပ် စိုက်ပျိုးနေခြင်းဖြစ်ပြီး ယင်းစိုက်ပျိုးပင်များတွင် ဆေးခြောက် အာနိသင်နှင့် မူးယစ်ဆေးဝါး ပါဝင်မှု ရာခိုင်နှုန်းကို အတိအကျ သိရှိရန် ထပ်မံ ဓာတ်ခွဲစမ်းသပ်ရန် လိုအပ်ကြောင်း တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်းက ဆက်လက် ပြောကြားသည်။

ဆေးခြောက်ဟု ဓာတ်ခွဲစမ်းသပ် အဖြေထွက်ပေါ်ထားသော်လည်း ယင်းစိုက်ပျိုးပင်များမှာ ဆေးခြောက် မျိုးနွယ်စုဝင် အပင်များ ဟုတ် မဟုတ်နှင့် မူးယစ်ဆေးဝါး ပါဝင်မှု ရာနှုန်း အတိအကျအား ဓာတ်ခွဲ စမ်းသပ်ရန် မြန်မာနိုင်ငံတွင် ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

“ဓာတ်ခွဲစမ်းသပ်တဲ့ အဖြေအရ သူတို့ ပြောတာကတော့ ဆေးခြောက်ပေါ့။ ပါတယ်ပေါ့။ ဒါပေမဲ့ CBD (ဆေးခြောက်နွယ်ဝင် အပင်များတွင် ပါဝင်သော ဓာတ်တစ်မျိုး) လည်း တွေ့တယ်။ CBD ဆိုတာ အကျိုးပြုတဲ့ ဆီ။ အဲဒီတော့ ဆေးခြောက် ဘယ်လောက် ပါဝင်သလဲ ဆိုတာ မေးကြည့်တော့ ကျွန်တော်တို့ဆီမှာ မစစ်နိုင်သေးဘူး။ ဒီအပင်တွေထဲမှာ ရာခိုင်နှုန်း ဘယ်လောက်ပါလဲ ဆိုတာ တိတိကျကျ သိရရင်တော့ ကောင်းတာပေါ့” ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် ယင်းစိုက်ခင်း တာဝန်ခံ၊ စိုက်ခင်းမှ ဓာတ်ခွဲခန်း လက်ထောက် မန်နေဂျာနှင့် အမေရိကန်လူမျိုး တစ်ဦးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)/၁၉(က)/၂၀(က)(ခ)/၂၁ အရ အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

No comments:

Post a Comment