Friday, May 10, 2019

အင်းလေးကန်တွင် ဗေဒါများ ပိတ်ဆို့နေခြင်းကြောင့် ရွာတွင်း သွားလာရေး ခက်ခဲပြီး အင်းတောင်ပိုင်းတွင် ရေလမ်းခရီး သုံးသူ နည်းလာ

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေ မြို့နယ် အင်းလေးကန်တွင် ဗေဒါ ရေမှော်ပင် များ ပိတ်ဆို့နေခြင်းကြောင့် ရွာတွင်း သွားလာရေး ခက်ခဲပြီး အင်းတောင်ပိုင်း စံကားဘက်တွင် ရေလမ်းခရီးသုံးသူ နည်းလာသည်ဟု အင်းလေးကန် ဒေသခံများထံမှ မေ ၈ ရက်တွင် သတင်းရရှိသည်။ အင်းလေးကန်တွင် ဗေဒါ ရေမှော်ပင် များ ပိတ်ဆို့နေခြင်းကြောင့် ကျေးရွာများအတွင်း သွားရေး လာရေး ခက်ခဲလျက်ရှိပြီး အင်းလေးကန် အရှေ့ဘက် တစ်လျှောက်လုံး ဖြစ်သည့် သလဲဦး၊ ပါနွေး၊ မိုင်းသောက် တို့အပြင် အင်းတောင်ပိုင်း တုံဟုံးတံတားအောက်မှ စံကားအင်းထိပ်အထိ လမ်းတစ်လျှောက်တွင် ဗေဒါပင်များ ပိတ်ဆို့နေသဖြင့် ရေလမ်းခရီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေကြောင်း သိရသည်။


“အင်းအရှေ့ဘက် တစ်လျှောက်လုံး လမ်းတွေ ပိတ်နေတယ်။ သလဲဦးမြောက်ဘက် ပါနွေးကနေ မိုင်းသောက်ရွာအထိ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်နေတယ်။ အရှေ့ဘက်ကမ်း တစ်လျှောက်လုံးကို ဗေဒါတွေ ပိတ်နေတယ်။ ရွာအဝင်လမ်း ဟိုတယ်အဝင်လမ်း အထွက်လမ်းတွေမှာ ဗေဒါပိတ်ပြီးတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ဖြစ်နေတယ်။ အင်းအရှေ့ဘက်ကမ်း တစ်လျှောက်လုံး ဖြစ်နေတာပေါ့။ ဗေဒါတွေ ခံပြီးတော့ သွားရလာရ အဆင်မပြေဘူး။ ဟင်္သ࿿ာတိုင်ဘက် ပတ်ချာလည်ကို ဗေဒါတွေ အရှေ့ဘက်ကမ်းကို ထပ်ပြီး ရောက်လာဦးမယ်။ တောင်ဘက်မှာဆိုရင် ရေလမ်း မသုံးတော့ဘူး။ သူတို့ဆီမှာလည်း ဗေဒါတွေ တအားပိတ်နေပြီလေ။ တုံဟုံးတံတား အောက်ကနေ စံကားအင်းထိပ်အထိကို ရေလမ်းကြော တစ်လျှောက်လုံး ဗေဒါတွေ ပိတ်နေတယ်။ တော်တော်လေး ဆိုးရွားနေတယ်”ဟု မိုင်းသောက် ဒေသခံ ကိုဝင်းနိုင်က ပြောကြားသည်။


အဆိုပါ ဗေဒါများနှင့် ပလတ်စတစ် အမှိုက်များကြောင့် စက်လှေများ ရပ်တန့်သွားရပြီး ပန်ကာတွင် အမှိုက်များ ညပ်နေသဖြင့် သွားရေးလာရေး ခက်ခဲကြောင်း၊ ယခင် စစ်အစိုးရ လက်ထက်က တစ်အိမ်တစ်ယောက် မထွက်မနေရ အမိန့်ဖြင့် အင်းလေးကန် ဗေဒါပင်များ ရှင်းလင်းခြင်း ရှိခဲ့ကြောင်း၊ ဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း ဌာနများမှ တာဝန်ယူပြီး ရှင်းလင်း ဆောင်ရွက်သောစနစ် ရှိခဲ့ပေမယ့် နောက်ပိုင်းတွင် တာဝန်ယူ ဆောင်ရွက်ခြင်း မရှိတော့သဖြင့် ဗေဒါပင်များ အဆမတန် တိုးပွားလာနေခြင်းဖြစ်ကာ အင်းရေပြင် တစ်လျှောက် ပိတ်ဆို့မှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သိရသည်။

ထိုဗေဒါပင်များသည် အညစ်အကြေးများကို စုပ်ယူပြီး၊ လေသန့်စင်သောစနစ် ကောင်းမွန်သောကြောင့် အင်းလေးကန်တွင် မရှိမဖြစ် လိုအပ်နေပြီး တိုးပွားမှု မြန်ဆန်သောကြောင့် မရှင်းလင်းနိုင်တော့ဘဲ ရေပြင် တစ်လျှောက်တွင် မျောပါသွားနေရခြင်း ဖြစ်ကာ အစိုးရ၊ ဌာနဆိုင်ရာ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူလူထုများ သုံးပွင့်ဆိုင် ပူးပေါင်း ဖြေရှင်းလျှင် အချိန်တိုအတွင်း ကင်းစင်သွားမည်သာ ဖြစ်ကြောင်း ဒေသခံ ဦးစိုးမြင့်သောင်းက ပြောကြားသည်။

“ဗေဒါတွေ အခြေအနေ တော်တော်လေး ဆိုးတယ်။ တတ်နိုင်သလောက်တော့ လုပ်နေကြတာပဲ။ အရင်ကလို ထိထိရောက်ရောက် လုပ်နေတာ မဟုတ်ဘဲ အပယိက လုပ်နေတော့ လိုအပ်တာထက် ပိတ်မှာပဲ။ ဘယ်လိုလဲ ဆိုတော့ ဒေသခံတွေ စည်းကမ်းမရှိတာ များပါတယ်။ သက်ဆိုင်ရာတွေကလည်း အရင်လောက် မလုပ်တော့ဘူး။ အဖြေရှာတော့ အရင်လို လူထုအားလည်း ပါရမယ်။ သက်ဆိုင်ရာ ကျေးရွာလူထု၊ ဌာနဆိုင်ရာရော ဝိုင်းဝန်း ဆောင်ရွက်လိုက်ရင် ခဏပေါ့။ တစ်လ မလုပ်ရပါဘူး။ အခုက အပယိက လုပ်နေတာ နဲ့ လမ်းတွေက ဆယ့်နှစ်လရာသီ ပိတ်နေဦးမှာပါပဲ” ဟု ညောင်ရွှေမြို့မှ ဦးစိုးမြင့်သောင်း က ပြောကြားသည်။

ယခုနောက်ပိုင်း အင်းလေးကန် ရေပြင်တစ်လျှောက် ဗေဒါပင်များ ပိတ်ဆို့မှုများ ဖြစ်ပွားနေသဖြင့် အင်းရေပြင်နှင့် အရှေ့ဘက် တစ်ခြမ်းတွင် ဗေဒါပင်များ မျောပါနေပြီး ဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ခြင်း ပွဲတော်ရာသီချိန်တွင် ဘုရားဆွဲလှေများ သွားရေးလာရေးအတွက် အင်မတန် ခက်ခဲကြောင်း သိရသည်။

သက်ဆိုင်ရာ ကျေးရွာအလိုက် ခရမ်းချဉ်သီး စိုက်ပျိုးသော စိုက်ခင်းရှင်များမှ လည်း အဆိုပါ ဗေဒါပင်များ ရှင်းလင်းနေရသဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ချိန် မရှိတော့ဘဲ၊ အလုပ်ရှုပ်သဖြင့်၊ ရွာအတွင်း သွားလာရေး ခက်ခဲနေသဖြင့် အမြန်ဆုံးရှင်းလင်းပေးရန် လိုလားလျက် ရှိကြောင်း အင်းလေးရှိ မိုင်းသောက်၊ နန်းပန်၊ သလဲဦး၊ ပါနွေးကျေးရွာသားများက ပြောကြားသည်။

ညောင်ရွှေမြို့နယ်တွင် ညောင်ရွှေမြို့ ရပ်ကွက် ရှစ်ခု၊ ကျေးရွာအုပ်စု ၃၅ စု၊ ကျေးရွာ ၄၄၅ ရွာရှိကာ ရေလမ်းခရီးမှာ ညောင်ရွှေ မှ ဖောင်တော်ဦးသို့ ၁၃ မိုင်၊ ညောင်ရွှေ-စံကား မိုင် ၄၀၊ ညောင်ရွှေ- အင်းတိန် ၂၁ မိုင်၊ ညောင်ရွှေ-မိုင်းသောက် ခုနစ်မိုင်၊ ခေါင်တိုင်-ဖောင်တော်ဦး ခုနစ်မိုင်၊ နန်းပန်- ဖောင်တော်ဦး တစ်မိုင် တို့ဖြစ်ပြီး ညောင်ရွှေမြို့မှ တောင်ဘက် စံကားအထိ အင်းလေးကန်သည် ရေမိုင် ၄၀ ကျော် မြောက်မှတောင်သို့ သွယ်တန်း စီးဆင်းနေကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်သည် ဧရိယာ စတုရန်းမိုင် ၅၆၁ ဒသမ ၄၂ မိုင်ရှိပြီး ညောင်ရွှေ မြို့သည် ၁ ဒသမ ၃၉ စတုရန်းမိုင် ၄၄၈ ဧက ကျယ်ဝန်းကာ အင်းလေးကန် ရေဝေရေလဲ ဒေသဧရိယာ ၂၁၆၉ ဒသမ ၃ စတုရန်းမိုင် ရှိကြောင်း၊ စိုက်ဧကပေါင်း သုံးသိန်းခွဲကျော် ရှိကြောင်း သိရသည်။

No comments:

Post a Comment