Friday, May 10, 2019

တရုတ်နှင့် ထိုင်းရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ကျန့်ကျန်းမြို့ ကမ်းလွန်ပင်လယ်ပြင်မှာ တရုတ်နဲ့ ထိုင်းရေတပ်တို့ သီတင်းတပတ်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်နေကြပါတယ်။ တရုတ် ကမ်းတက်သင်္ဘော ဝူကျိရှန်း၊ ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘော ယွဲ့ယန်၊ အပေါ့စား ဖျက်သင်္ဘော ကွမ်းယွမ်နဲ့ ရေငုပ်သင်္ဘောတစီးတို့ ပါဝင်လေ့ကျင့်ပါတယ်။ ထိုင်းရေတပ် တိုက်သင်္ဘောတွေဖြစ်တဲ့ နရဲစွမ်နဲ့ ဘန်ပါကွန် သင်္ဘောတွေလည်း မနက် ၇ နာရီမှာစတဲ့ သင်တန်းအတွင်း ပါဝင်လေ့ကျင့်ပါတယ်။ အုပ်စုဖွဲ့ ခုတ်မောင်းတာနဲ့ ရေငုပ်သင်္ဘောတွေကို လိုက်ရှာတာတွေ ပါဝင် လေ့ကျင့်ခဲ့တာပါ။


၂ နိုင်ငံရေတပ်တွေကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်နိုင်စွမ်း တိုးမြှင့်ရေး ပုံစံထုတ် လေ့ကျင့်နေတာ ဖြစ်ပါတယ်။

လှိုင်းကြီးပြီး ရာသီဥတု အခြေအနေ မကောင်းပေမယ့် တရုတ်နဲ့ ထိုင်းစစ်တပ်တွေဟာ လုပ်ငန်းစဉ်အားလုံးကို အောင်အောင်မြင်မြင် ပြီးဆုံးအောင် လုပ်ခဲ့ကြပါတယ်။

“Blue Commando-2019” လို့ နာမည်ပေးထားတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို မေလ ၂ ရက်နေ့က စတင်ခဲ့ပြီး ပင်လယ်ပြင်မှာ ရေတပ်အုပ်စု အုပ်ဖွဲ့ထွက်ခွာတာ၊ ဆက်သွယ်တာ၊ အုပ်စုဖွဲ့ ခုတ်မောင်းတာနဲ့ အင်အားဖြည့်တင်းတာတွေကို အာရုံစိုက် လေ့ကျင့်ခဲ့ကြပါတယ်။

No comments:

Post a Comment