Friday, May 10, 2019

အကျဉ်းထောင်ဆူပူမှုကို ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့မှုတွင် ထောင်ဝန်ထမ်းက အကျဉ်းသားကို ရောင်းချခဲ့သည့်ဖုန်းဖြင့် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများကို အရေးယူထားကြောင်း ရွှေဘိုအကျဉ်းထောင်တာဝန်ရှိသူ ပြောကြား

ရွှေဘိုအကျဉ်းထောင်ဆူပူမှုကို ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့မှုတွင် ထောင်ဝန်ထမ်းက အကျဉ်းသားကို ရောင်းချခဲ့သည့်ဖုန်းဖြင့် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများကို အရေးယူထားကြောင်း ရွှေဘိုအကျဉ်းထောင်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက ပြောကြားသည်။ေ မ ၈ ရက် ညနေပိုင်းက စတင်ခဲ့သည့် ရွှေဘိုအကျဉ်းထောင်ဆူပူမှု ဖြစ်စဉ်အပေါ် Kyal Sin ဆိုသည့် အကောင့်မှနေ၍ အကျဉ်းထောင်အတွင်း ဆူပူမှုများကို ဖေ့စ်ဘွခ်လူမှုကွန်ရက် စာမျက်နှာ၌ တိုက်ရိုက်လွှင့်တင်ခဲ့ခြင်းဖြစ်သည်။



တိုက်ရိုက်လွှင့်တင်ခဲ့သည့် အကျဉ်းသားကိုအရေးယူထားပြီး အကျဉ်းထောင်ဝန်ထမ်းကိုလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ဆူပူမှုဖြစ်စဉ်တွင် ဦးဆောင်ခဲ့သူ ငါးဦးခန့်အား ဥပဒေနှင့်အညီအရေးယူမည်ဖြစ်ကြောင်း ရွှေဘိုအကျဉ်းထောင်မှ စုံစမ်းသိရသည်။


လက်ရှိတွင် အဆိုပါဖုန်းကို သိမ်းဆည်းထားပြီး ဖြစ်သည့်အပြင် အကျဉ်းထောင်အတွင်းရှိ အမျိုးသားဆောင်များရှိ တုတ်၊ဓား၊ လက်နက်များကို ရှာဖွေသိမ်းဆည်းလျက်ရှိကာ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

“ထောင်အတွင်း အရေးအခင်းဖြစ်တဲ့အခါမှာ အကျဉ်းသားတွေဆီမှာ သေစေနိုင်လောက်တဲ့ ကျွန်တော်တို့ကို သေစေနိုင်လောက်တဲ့ ချွန်ထက်တဲ့လက်နက်တွေ သူတို့ဆီမှာ ရှိနေတယ်။ လက်ရှိမှာတော့ အကျဉ်းထောင်ထဲက အမျိုးသားဆောင်တွေကို တုတ်၊ဓား၊လက်နက်တွေ ရှာဖွေသိမ်းဆည်းနေပါတယ်။ အကျဉ်းထောင်ထဲကနေ လူမှုကွန်ယက်စာမျက်နှာမှာ တိုက်ရိုက်လွှင့်ခဲ့တဲ့ဖုန်းကိုတော့ သိမ်းဆည်းထားပြီးပြီ။ အဲဒီဖုန်းက အကျဉ်းထောင်ဝန်ထမ်းကနေ အကျဉ်းသားကိုနားလည်မှုနဲ့ရောင်းခဲ့တယ်လို့ သိရတယ်။ လက်ရှိတော့ စစ်ဆေးမေးမြန်းတာတွေ လုပ်နေပါတယ်။ အကျဉ်းထောင်ဝန်ထမ်းကိုလည်း အရေးယူဆောင်ရွက် ထားပါတယ်။ ထောင်တွင်းဆူပူမှုဖြစ်စဉ်မှာ ဦးဆောင်တဲ့သူ လေးငါးဦးကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားဖို့ရှိပါတယ်။ လက်ရှိမှာတော့ အကျဉ်းထောင်က ငြိမ်သက်အေးချမ်းသွားပြီဖြစ်ပါတယ်။ အဲဒီလို ငြိမ်သက်သွားဖို့အတွက် ပထမမှာ အေးအေးဆေးဆေး ပြောဆိုပါတယ်။ နောက်တော့မရတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ကျွန်တော်တို့ဆီကဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ခြောက်လန့်ပစ်ခတ်ပြီး တည်ငြိမ်အောင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ဆူပူမှုထပ်ပြီးမဖြစ်စေဖို့အတွက် ကျွန်တော်တို့ပုံမှန်အလုပ်တွေကိုလုပ်ဆောင်သွားမယ်။ ဆူပူမှုကိုဦးဆောင်ခဲ့တဲ့ခေါင်းဆောင်တွေကို အရေးယူလိုက်ရင် တည်ငြိမ်သွားမှာပါ”ဟု ရွှေဘိုအကျဉ်းထောင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ရွှေဘိုအကျဉ်းထောင်ကို လုံခြုံရေးတိုးမြှင့်ချထားပြီး အကျဉ်းထောင်အတွင်းရှိ အမျိုးသားဆောင်များကို တုတ်၊ဓား၊လက်နက်များ ရှာဖွေသိမ်းဆည်းလျက်ရှိပြီး ထောင်ဝင်စာတွေ့ဆုံမှုကို မေ ၁၀ ရက်တွင် ပြန်လည်ခွင့်ပြုပေးခဲ့ပြီဖြစ်ကာ အချုပ်သားတရားခံများကိုလည်း သတ်မှတ်ရက်များတွင် ပြန်လည်ရုံးထုတ်သွားမည်ဖြစ်ကြောင်း ရွှေဘိုအကျဉ်းထောင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက ဆက်လက်ပြောကြားသည်။

စစ်ကိုင်းတိုင်ဒေသကြီးရှိ ရွှေဘိုအကျဉ်းထောင်ဆူပူမှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် အကျဉ်းသားလေးဦး သေဆုံးခဲ့ပြီးနောက် မေ ၉ ရက် မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့က သေနတ်အချက်ပေါင်း ၃၀ ဝန်းကျင်ခန့်ပစ်ခတ်၍လူစုခွဲခဲ့ပြီး ညနေပိုင်းတွင် ညှိနှိုင်းဆွေးနွေးမှုများအရ တည်ငြိမ်သွားခဲ့ပြီးနောက် အကျဉ်းသားများ၏ တောင်းဆိုချက်များကို သက်ဆိုင်ရာလွှတ်တော်သို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားထားသည်။

No comments:

Post a Comment