Friday, May 10, 2019

ထိုင်းဘုရင်နှင့် မိဖုရားတို့ တက်ရောက်ချီးမြှင့်သည့် တော်ဝင်လယ်ထွန်မင်္ဂလာပွဲ ကျင်းပ

ထိုင်းနိုင်ငံမှာ တော်ဝင် လယ်ထွန်မင်္ဂလာပွဲကို မေလ ၉ ရက်က မြို့တော် ဘန်ကောက်က ဆနမ်းလွမ်ရင်ပြင်မှာ ကျင်းပပြီး ဘုရင် မဟာဝဇီရာ လောင်ကွန်းနဲ့ မိဖုရား ဆုထိဒါတို့က တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ ဘုရင်ရဲ့ အကြီးဆုံးသမီးတော် ဘဒ်ဒယာ ခေတ္တရာဘာလည်း ဒီပွဲကို တက်ရောက်ပါတယ်။ နှစ်စဉ်ကျင်းပနေကျ လယ်ထွန်မင်္ဂလာပွဲဟာ ဗြဟ္မဏဝါဒ ဝတ်ပြုပွဲပါ။ မင်္ဂလာနွားတရှဉ်းက အခမ်းအနားကျင်းပရာ မြေပြင်ကို ၉ ကြိမ်လှည့်ပတ် ထွန်ယက်ပြီး အခမ်းအနား ဥက္ကဋ္ဌက ဆန်စေ့တွေကို လေထဲ မြှောက်ကြဲခဲ့တာပါ။


ရှပ်ဝါတွေ ဝတ်ထားတဲ့ လူပင်လယ်ကြီးက အခမ်းအနားအတွင်း ကြဲချခဲ့တဲ့ ဆန်စေ့တွေ များနိုင်သမျှ များများရအောင် အလုအယက် ကောက်ယူခဲ့ကြပါတယ်။ ဒီဆန်စေ့တွေဟာ မင်္ဂလာရှိပြီး နိမိတ်ကောင်းတယ်လို့လည်း ယုံကြည်ကြပါတယ်။

၉ ဂဏန်းဟာ ထိုင်းတွေအတွက် အင်မတန် ကံကောင်းစေတဲ့ ဂဏန်းလို့ ယုံကြည်ကြပါတယ်။ ဒါ့အပြင် အသံထွက်ဟာလည်း တိုးတက်မှုဆိုတဲ့ စကားလုံးနဲ့ အသံဆင်တူပါတယ်။

မင်္ဂလာနွားတွေကို မတူတဲ့ စားစရာတွေ ထည့်ထားတဲ့ လင်ဗန်းကို ပေးရာမှာ သူတို့ရွေးချယ်တဲ့ စားစရာကို ကြည့်ပြီး လာမယ့်နှစ်အတွက် ဟောကိန်းထုတ်လေ့ရှိပါတယ်။

ဒီနှစ်မှာ နွားတွေက ဆန်နဲ့ မြက်ကို စားပြီး ရေသောက်ခဲ့လို့ ဒီနှစ်ထဲမှာ ရေလုံလောက်မယ်၊ သားငါး ကောက်ပဲသီးနှံ အလျှံပယ် ကြွယ်ဝမယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာန ဒု အမြဲတမ်းအတွင်းဝန် မီးဆပ်ခ် ပတ်ဒီးခုန်က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာ့ ဒုတိယအကြီးဆုံး ဆန်တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေအတွင်း ဆန်ဟာ အဓိကစားနပ်ရိက္ခာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment