Tuesday, May 7, 2019

မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ပစ်ခတ်လေ့ကျင့်မှု ကင်ဂျုံအန်း ကြီးကြပ်ကွပ်ကဲ

မြောက်ကိုရီးယားက အရှေ့ပင်လယ်ထဲကို ဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တွေ ပစ်ခတ်လေ့ကျင့်ခဲ့ပြီး ခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် မေလ ၄ ရက်နေ့မှာ ကြီးကြပ်ကွပ်ကဲခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ ကေစီအန်အေက ကြေညာပါတယ်။ တာဝေးပစ် ကျည်ဝထိပ်ဖူးကျယ် ဒုံးကျည်လောင်ချာတွေနဲ့ ကာကွယ်ရေးတပ်ရဲ့ ဗျူဟာမြောက် ပဲ့ထိန်းလက်နက်တွေရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ဖို့ ရည်ရွယ် လေ့ကျင့်နေတယ်လို့ ကေစီအန်အေက ပြောပါတယ်။



ခြိမ်းခြောက်မှုတွေနဲ့ ကျူးကျော်မှုတွေကို ရင်ဆိုင်ရာမှာ မြောက်ကိုရီးယားရဲ့ စီးပွားရေး ရပ်တည်နိုင်စွမ်းနဲ့ နိုင်ငံရေး အချုပ်အခြာကို ကာကွယ်ဖို့ တိုက်ခိုက်ရေးစွမ်းရည် တိုးမြှင့်ဖို့ လိုတယ်လို့ စမ်းသပ်ပစ်ခတ်ချိန်မှာ ကင်ဂျုံအန်းက အသားပေး ပြောဆိုခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ကေစီအန်အေက ထုတ်ပြန်တဲ့ ဓာတ်ပုံထဲက ပဲ့ထိန်းလက်နက်တွေဟာ တာတိုပစ် မြေပြင်ကနေ မြေပြင်ကို ပစ်ခတ်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဂျောင်းနမ်တက္ကသိုလ် အရှေ့စွန်းပိုင်း လေ့လာရေးဌာန စစ်ဘက်ပညာရှင် ကင်မ်ဒုံယပ်ဘ်က ပြောပါတယ်။ ဒုံးကျည်ပစ်လွှတ်မှုထဲမှာ အမေရိကန်ကို ခြိမ်းခြောက်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေ မပါပေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုတော့ ချိုးဖောက်နေသေးတာပါ။

လောင်စာတောင့်သုံး ပဲ့ထိန်းဒုံးကျည်အသစ်ဟာ ၃၁၁ မိုင် အဝေးကို ပစ်နိုင်ပြီး ကိုရီးယားကျွန်းဆွယ် တခုလုံးကို ကျော်ဖြတ် ပစ်လွှတ်နိုင်ပါတယ်။ တောင်ကိုရီးယားမှာ တပ်ချထားတဲ့ အမေရိကန်ရဲ့ အဆင့်မြင့် ဝေဟင်လွှမ်းခြုံ ဒုံးခွင်းဒုံးစနစ်ကို ဖြတ်ကျော် ထိုးဖောက်နိုင်တယ်လို့ စစ်တပ်အကဲခတ်တွေက ပြောပါတယ်။

စမ်းသပ်ပစ်ခတ်မှုဟာ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ် အဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးရာမှာ ရေခံမြေခံရအောင် အမေရိကန် အစိုးရကို ဖိအားပေးဖို့ ကြိုးစားမှုပဲလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်ကတည်းက နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်တာကို ဆက်ပြီး ရပ်ဆိုင်းထားပါတယ်။ ဒါဟာ မြောက်ကိုရီးယား အစိုးရနဲ့ စေ့စပ်ဆွေးနွေးမှုအတွင်း အရေးပါတဲ့ အသီးအပွင့်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ခါတလဲလဲ ထောက်ပြခဲ့ပါတယ်။

No comments:

Post a Comment