Tuesday, May 7, 2019

ကေအန်ပီပီနှင့် ပြည်နယ်အစိုးရ ၅ချက် သဘောတူ

ကယားပြည်နယ်အစိုးရ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ)နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးရာမှာ အချက် ၅ ချက်ကို သဘာတူညီမှုရရှိခဲ့ပါတယ်။ သဘောတူညီချက်တွေထဲမှာ ပြည်နယ်အဆင့် လစဉ် ပုံမှန်အစည်းအဝေးတွေ ဘယ်လို လုပ်ရမလဲဆိုတဲ့ တိကျတဲ့ အခြေခံသဘောတူညီချက်၊ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ ဘယ်လို ဆက်သွယ် ပူးပေါင်း ဆောင်ရွက်မလဲဆိုတဲ့ သဘောတူညီချက် စတာတွေ ပါဝင်ပါတယ်။


ဒီနေ့ တွေ့ဆုံမှုဟာ ကောင်းမွန်တဲ့တွေ့ဆုံမှုဖြစ်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတဲ့အကြောင်းနဲ့ အပြုသဘောဆောင်ပြီးတော့ တိုးတက်မှုတွေ ရတယ်လို့ ကေအန်ပီပီဘက်က ပြောပါတယ်။

အန်အာပီစီနဲ့ ကေအန်ပီပီနောက်တကြိမ်ပြန်လည်တွေ့ဆုံဖို့ အစိုးရဘက်က မေလမှာပဲ အဆိုပြုထားပေမယ့် ကေအန်ပီပီဘက်က ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပပြီးမှသာ ပြန်လည် အကြောင်းပြန်မယ်လို့ ဆိုပါတယ်။

ကေအန်ပီပီအနေနဲ့ အန်စီအေ စာချုပ်မှာ အမြန်ဆုံး လက်မှတ်ထိုးနိုင်ဖို့ နှစ်ဖက်လုံးက သဘောတူညီ ထားပေမယ့် အချိန်ကိုတော့ ထုတ်ဖော်ပြောဆိုဖို့ ခက်တယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက ကြေကြေလည်လည်ဆွေးနွေးခဲ့တဲ့အတွက် အားရကျေနပ်မှုရှိပြီး ကေအန်ပီပီနဲ့ ပြည်နယ်အစိုးရ အကြား လစဉ်ပုံမှန်အစည်းအဝေးတွေ ပုံစံတကျ ပြန်လည် ကျင်းပနိုင်မယ်လို့ ကေအန်ပီပီ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မီတီ ပြောခွင့်ရ နဲနယ်ပလိုးက ပြောပါတယ်။

“ လစဉ်ပုံမှန်အစည်းအဝေးကျင်းပမယ်။ လ တလရဲ့ အဆုံးမှာ ကျင်းပမယ်။ ကျင်းပတဲ့အခါလည်း အစည်းအဝေး ပုံစံကျအောင်အစည်းအဝေးနဲ့ပတ်သက်တဲ့ GORD တွေကိုရေးဆွဲနိုင်ခဲ့တယ်ပေါ့နော်။ အရင်က လစဉ်ပုံမှန်အစည်း အဝေးက ရှိတယ်။ သဘောတူညီချက် တရားဝင်အစည်းအဝေးက ဖြစ်ရမယ်ပေါ့နော် သို့သော် ဆွေးနွေးပုံစံတွေက တခါတလေ အလွတ်သဘော ဆွေးနွေးတဲ့ ပုံစံတွေဖြစ်တာပေါ့နော်။ အစည်းအဝေးက ပုံစံမကျတော့ ဒီတခေါက်အစည်းအဝေး ပုံစံကျအောင် လာဆွေးနွေးတယ်။ ဆွေးနွေးဖြေရှင်းကူဖို့အတွက် အန်အာပီစီကိုလည်း ဖိတ်ပြီး လာဆွေးနွေးကူတာ ပေါ့နော်။ ဆွေးနွေးတဲ့အခါမှာ အစည်းအဝေးကို ပြန်ပြီးတော့ ကျင်းပနိုင်မယ်။ ကျင်းပတဲ့အခါမှာ အစည်းအဝေးကို ပုံစံကျအောင် သဘောတူညီမှုတွေ ရရှိခဲ့ပါတယ်။”

ဒါ့အပြင် ဖွံ့ဖြိုးရေးကဏ္ဍ ဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေး အပိုင်းမှာဆိုရင်လည်း ပြည်နယ်အဆင့်က အကောင် အထည် ဖော်လုပ်ရမယ့်ဟာတွေကို ပြည်နယ်အဆင့် အစည်းအဝေးတွေမှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး မူဝါဒနဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးရေ ကဏ္ဍတွေကိုတော့ ပြည်ထောင်စုအဆင့်နဲ့တွေ့ဆုံတဲ့အခါ ဆက်လက်ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ကေအန်ပီပီဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ် အခတ်ရပ်စဲရေး စာချုပ်ကို ၂၀၁၂ ဇွန် ၉ ရက်မှာ လက်မှတ်ခဲ့ပြီး အပစ်ခတ်ရပ်စဲတဲ့ ၇ နှစ်ကျော် ကာလအတွင်း ထိတွေ့မှု ၂ ကြိမ်သာ ဖြစ်ပွားခဲ့တဲ့အတွက် ဒါဟာ နှစ်ဖက်စလုံးက အပစ်ခတ်ရပ်စဲမှုကို ထိန်းသိမ်းနိုင်ခဲ့ တာဖြစ်တယ်လို့ အန်အာပီစီ အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောပါတယ်။

“ အထူးသဖြင့် ကေအန်ပီပီနဲ့ဆိုရင်တော့ ကျနော်တို့ တိုက်ပွဲ မရှိသလောက်ရှားပါတယ်။ နှစ်ဖက်စလုံး ထိန်းသိမ်းနိုင်တဲ့အတွက်ကြောင့်လည်း တပ်မတော်ရော၊ ကေအန်ပီပီကိုပါ ကျနော်အများကြီး အသိအမှတ်ပြု ပါတယ်။ ”

ဒါ့အပြင် အန်စီအေစာချုပ်ဟာ ဖယ်ဒရယ်ပြည်ထောင်စုကို သွားမယ့် ဂိတ်ဖြစ်တဲ့အတွက် အန်စီအေကို လက်မှတ် ရေးထိုးဖို့ စိတ်ဆန္ဒရှိတယ်ဆိုရင် အမြန်ဆုံးထိုးဖို့နဲ့ ဒီလိုထိုးမှသာလျှင် အကန့်အသတ်မရှိ ပူးပေါင်း ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဦးခင်ဇော်ဦးက တိုက်တွန်းသွားပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကလည်း သူ့အနေနဲ့ ငယ်စဉ်ကတည်းက တောချို တောင်ကြားမှာသာ ကြီးပြင်းလာခဲ့ရသူဖြစ်လို့ တိုင်းရင်းသားတွေ ခံစားရသလို ငြိမ်းချမ်းမှုကို လိုလားနေကြောင်းနဲ့ သူတာဝန်ယူနေချိန်မှာ ငြိမ်းချမ်းရေးအတွက် အစွမ်းကုန် ကြိုးစား နေကြောင်းလည်း ဒီကနေ့ အစည်းအဝေး အပိတ်အမှာစကား ပြောဆိုခဲ့ပါတယ်။

ကယားပြည်နယ်အစိုးရ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ)နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ ဒီကနေ့ လွိုင်ကော်မြို့ Famous ဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲမှာတော့ အန်အာပီစီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး ၊ သမ္မတရုံး ညွန်မှူး ဦးဇော်ဌေးနဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တွေ တက်ရောက်ပြီး၊ ပြည်နယ်အစိုးရဘက်တော့ ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို အပါအ၀င် ကယားပြည်နယ် အစိုးရအဖွဲ့တွေ တက်ရောက်ခဲ့သလို ကေအန်ပီပီ ဘက်ကတော့ ဒုဥက္ကဌ ခူးဦးရယ်ဦးဆောင်ပြီး ဗဟိုကော်မီတီ ၁၁ ဦးတက်ရောက်ခဲ့ပါတယ်။

No comments:

Post a Comment