Tuesday, May 7, 2019

အိန္ဒိယသင်ခန်းစာ

နှစ်ပေါင်း ၂၀ အတွင်း အင်အားအပြင်းဆုံး ဆိုင်ကလုန်းမုန်တိုင်းနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အိန္ဒိယနိုင်ငံတွင် တန်ဖိုးရှိလှသည့် လူ့အသက်များ သေဆုံးမှုကို များစွာလျှော့ချနိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် တစ်နာရီလေတိုက်နှုန်း မိုင် ၁၀၀ ကျော်ဖြင့် အင်အားကြီး မုန်တိုင်းတိုက်ခတ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းကမ်းခြေဒေသ တွင် လူပေါင်း ၁၀,၀၀၀ ကျော်သေဆုံးခဲ့သည်။ အဆိုပါအဖြစ်ဆိုးကို သင်ခန်းစာယူ၍ ယခုတစ်ကြိမ် ဖန်နီဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရ သော်လည်း အဖိုးတန်လူ့အသက်များစွာ မကြေပြုန်းစေရန် အိန္ဒိယ နိုင်ငံက စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်၏။

တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ ကျော်ဖြင့် ၀င်ရောက်လာသော ဖန်နီဆိုင်ကလုန်းမုန်တိုင်း မတိုက်ခတ်မီ မုန်တိုင်းဒဏ်ခံရမည့်ကမ်း ခြေဒေသမှ ပြည်သူပေါင်း ၁ ဒသမ ၂ သန်းကို ဘေးလွတ်ရာသို့ ၂၄ နာရီအတွင်း ပြောင်းရွှေ့ပေးခဲ့သည်။ အိန္ဒိယမိုးလေ၀သဌာနက မုန်တိုင်းစတင်ဖြစ်လာသော ဧပြီ ၂၅ ရက်ကတည်းက စောင့်ကြည့်၍ ခန့်မှန်းချက်များ၊ မုန်တိုင်းသတင်းများကို အချိန်နှင့်တစ်ပြေးညီမှန်ကန် စွာထုတ်ပြန်ခဲ့သည်။ စေတနာ့ဝန်ထမ်းလေးသောင်းကျော် အရေး ပေါ်ရွှေ့ပြောင်းရေးတွင် ကူညီခဲ့သည်။ မုန်တိုင်းသတိပေးချက်သတင်း တိုပေးပို့မှု အကြိမ်ပေါင်း ၂ ဒသမ ၆ သန်းကို ရုပ်မြင်သံကြားအပါအ၀င် ဆက်သွယ်ရေးနည်းလမ်းအစုံသုံး၍ သတိပေးခဲ့သည်။

မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၉,၀၀၀ တွင် ခိုလှုံနေသော ပြည်သူများစားသောက်ရန် စားဖိုဆောင် ၇,၀၀၀ ခန့်က တာဝန်ယူ ချက်ပြုတ်စီမံပေးခဲ့သည်။ အရေးပေါ် ကယ်ဆယ်ရေးနှင့် ဆေးအ ထောက်အကူပြုနိုင်ရန် ရေတပ်သင်္ဘောများ၊ တပ်မတော်ရဟတ်ယာဉ် များကိုလည်း အသုံးပြုခဲ့သည်။ လုပ်အားပေးသူအများစုမှာ အိန္ဒိယတပ်မ တော်သားများဖြစ်ပြီး ပြည်သူများလည်း ပါဝင်ကာအကောင်းဆုံးပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းမှာ ဖျက်အားပြင်းလွန်းသဖြင့် အိန္ဒိယနိုင်ငံသား ၄၆ သန်း၏ နေအိမ်များ ပျက်စီးခဲ့သည်။ မုန်တိုင်းတိုက် ခတ်ပြီးချိန်တွင် အရေးပေါ်အကူအညီများ အလျင်အမြန်ပေးအပ်ရန်နှင့် လဲကျနေသောသစ်ပင်များရှင်းရန် စက်လှေ ၃၀၀ နှင့် ရဟတ်ယာဉ်နှစ်စီး အသုံးပြုခဲ့သည်။

အိန္ဒိယကဲ့သို့ပင် ဖန်နီဒဏ်ခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးတွင်ရေတပ်သင်္ဘော ၃၂ စီးနှင့် တပ်မတော်ရဟတ်ယာဉ်များအသုံးပြု၍ အင်အားအပြည့် ဆောင်ရွက်ခဲ့လေသည်။

ထိုသို့ မုန်တိုင်းကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများစနစ်တကျ ဆောင်ရွက်ခဲ့ခြင်းကြောင့် လူ့အသက်များသေဆုံး မှုကို များစွာလျှော့ချနိုင်ခဲ့သည်။ ကြီးမားသည့်သဘာဝဘေးနှင့် ရင်ဆိုင် ခဲ့ရသော်လည်း ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်အကူအညီများ အ ကောင်းဆုံးလုပ်ကိုင်ခဲ့သဖြင့် ယခုအခါ ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ သဘာဝဘေးနှင့်ပတ်သက်၍ ကျွမ်းကျင်သူများက အိန္ဒိယကို ချီးကျူးနေ ကြပြီဖြစ်၏။

မေလ ၅ ရက်အထိ စာရင်းများအရ ၃၃ ဦးသေဆုံးခဲ့သည်။ ထို့အပြင် မုန်တိုင်းဒဏ်ခံဒေသအချို့မှာ အဆက်အသွယ်ခက်ခဲနေသဖြင့် သေဆုံး၊ ဒဏ်ရာရသူစာရင်းထပ်တိုးလာနိုင်သေးသည်။ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ ကျော်ဖြင့် တိုက်ခတ်ခဲ့ပြီး မုန်တိုင်းဒီရေဒဏ်ကိုပါခံစားခဲ့ရသော်လည်း သေဆုံးသူ ဆယ်ဂဏန်းသာရှိခဲ့ခြင်းမှာ မုန်တိုင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၏ အောင်မြင်မှုပင်ဖြစ်သည်။ အကယ်၍ မုန်တိုင်းနှင့် ဒီရေဒဏ်အဆိုးဆုံးခံစားရမည့် ပြည်သူတစ်သန်းကျော်ကို အချိန်မီသာမပြောင်းရွှေ့နိုင်ခဲ့ပါက သေဆုံးသူအရေအတွက်မှာ ယခုထက် အဆမတန် များပြားပါလိမ့်မည်။ လွန်ခဲ့သည့် ၁၁ နှစ် မေလ ၂ ရက်နေ့မှာပင် တစ်နာရီလေတိုက် နှုန်းမိုင် ၁၂၀ ကျော်ဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်မွှေနှောက်သွားခဲ့ သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် တန်ဖိုးရှိလှသည့်လူ့အသက် ပေါင်း တစ်သိန်းလေးသောင်းကျော်သေဆုံးခဲ့သည့် မြန်မာနိုင်ငံအ တွက် အိန္ဒိယ၏ကြိုးပမ်းမှုမှာနမူနာယူစရာပင်ဖြစ်၏။ အိန္ဒိယအစိုးရ ၏ ဖန်နီမုန်တိုင်းကို ရင်ဆိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့မှုနှင့် ၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်းဝင်လာစဉ် မြန်မာစစ်အစိုးရ(နိုင်ငံ တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)၏ ကြိုးပမ်းအား ထုတ်ခဲ့မှုမှာ မနှိုင်းယှဉ်သာအောင်ပင်ဖြစ်သည်။ မိမိနိုင်ငံသားများ၏ အသက်ကို အစိုးရများက မည်သို့သဘောထားကြောင်း အထက်ပါ ဖြစ်ရပ်နှစ်ခုယှဉ်ကြည့်ရင်း သိနိုင်ပါသည်။ အိန္ဒိယနိုင်ငံ၏ ဖန်နီနှင့် ရင်ဆိုင်သွားပုံက မြန်မာသာမက တစ်ကမ္ဘာလုံးအတွက် သင်ခန်းစာ ဖြစ်သည်။

No comments:

Post a Comment