Tuesday, May 7, 2019

မြစ်ငယ်မြစ်ဝှမ်းတွင် တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုအပါအဝင် စီမံကိန်းရှစ်ခု အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းအားလုံးပြီးပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၁၁၆၅၂ ထုတ်လုပ်နိုင်မည်

ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ- MOEE)မြစ်ငယ်မြစ်ဝှမ်းတွင် တည်ဆောက်ပြီး ရေအားလျှပ်စစ်စီမံကိန်းတစ်ခု၊ တည်ဆောက်ဆဲနှစ်ခုနှင့် တည်ဆောက်ရန်ဆောင်ရွက်ဆဲ ငါးခု စုစုပေါင်းရှစ်ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းများ အားလုံးပြီးစီးပါက တပ်ဆင်စက်အင်အား စုစုပေါင်း ၂၆၁၅ မဂ္ဂါဝပ်နှင့် နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၁၆၅၂  ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

နှစ်စဉ်စီးဝင်ရေကို သိုလှောင်၍ ဓာတ်အားထုတ်လုပ်သည့် ရေလှောင်တမံစနစ် စီမံကိန်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် ရေလွှဲစနစ်၊ အနိမ့်တမံစနစ်စီမံကိန်းများ ပါဝင်မည်ဖြစ်သည့်အပြင် ထိုသို့မြစ်ကြောင်းတစ်လျှောက် အဆင့်လိုက်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရေအရည်အသွေးကျဆင်းမှုနှင့် ပတ်ဝန်းကျင်ဂေဟဗေဒစနစ် ယိုယွင်းမှုများ လုံးဝဖြစ် ပွားမှုမရှိစေရန်ရည်ရွယ်၍ တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ဒုဋ္ဌဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် ဆောင်ရွက်ပြီး ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ မဂ္ဂါဝပ် ၇၉၀ ထုတ်လုပ်လျက်ရှိရာ ဆက်လက်၍ အနာဂတ်စီမံချက်များအနေဖြင့် နမ္မတူ (သီပေါ) စီမံကိန်းမှ မဂ္ဂါဝပ် ၂၁၀ အား လည်းကောင်း၊ အလယ်ရဲရွာစီမံကိန်းမှ ၇၃၅ မဂ္ဂါဝပ်အားလည်းကောင်း၊ ဒီးဒုတ်စီမံကိန်းမှ မဂ္ဂါဝပ် ၆၀ အားလည်းကောင်း ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၃၈ မိုင်အကွာ ရဲရမန်းကျေးရွာအနီး မြစ်ငယ်မြစ်ပေါ်တွင် တည်ရှိပြီး ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်ထွက်ရှိသော ဖရန်စစ် (ဒေါင်လိုက်) တာဘိုင်အမျိုးအစားစက်လေးလုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၉၀ ရှိကာ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ကီလိုဝပ်နာရီသန်းပေါင်း ၃၅၅၀ ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ဆောက်၍၂၀၁၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ပြီး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော ဓာတ်အားများကို ၂၃၀ ကေဗွီ ရဲရွာ-ဘဲလင်း ဓာတ်အားလိုင်းနှစ်လိုင်းနှင့် ၂၃၀ ကေဗွီ ရဲ ရွာ-မိတ္ထီလာဓာတ်အားလိုင်း နှစ်လိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့ လွှတ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့အပါအဝင် ဒေသအများအပြား၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ယင်းကဲ့သို့ ဓာတ်အား မကြာခဏ ပြတ်တောက်မှုများနှင့်စပ်လျဉ်းပြီး ပြည်သူလူထုအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

ရေအားလျှပ်စစ်စက်ရုံများက ဆည်ရေလျော့နည်းကျဆင်းနေ၍ လျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်းနေချိန်၌ ပြည်သူတို့၏ လျှပ်စစ်လိုအပ်ချက်ကို အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ပိုထုတ်နိုင်ရေးအတွက် အလေးထားကြိုးစားဆောင်ရွက်ကြရန် မတတ်သာ၍ ဝန်အားလျော့ရပါကလည်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့အား တင်ပြကာ ပြည်သူလူထုကို ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်ရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။ 

No comments:

Post a Comment