Tuesday, May 7, 2019

အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကို ကြိုးကိုင် စီစဉ်ခဲ့သူအားလုံး သေဆုံး၊ ဖမ်းမိခဲ့ပြီဟု သီရိလင်္ကာ ပြော

အီစတာနေ့  အသေခံဗုံးခွဲတိုက်ခိုက်မှုတွေမှာ တိုက်ရိုက်ဆက်စပ်နေတဲ့ သံသယရှိ ကြိုးကိုင် စီစဉ်သူအားလုံး သေဆုံးသူ သေဆုံး၊ ဖမ်းမိသူ ဖမ်းမိခဲ့ပြီဖြစ်ကြောင်း သီရိလင်္ကာရဲချုပ် ချန်ဒါနာ ၀စ်ကရာမာရတ်နီက မေ ၇ ရက်နေ့ မှာ ပြောဆိုခဲ့ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ တွေအနေနဲ့  လူ ၂၅၀ ကျော် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ စစ်သွေးကြွတွေထံက နောင်တိုက်ခိုက်မှုတွေအတွက် အသုံးပြုဖို့  ရည်ရွယ်ထားတဲ့ ဗုံးပြုလုပ်ပစ္စည်းကိရိယာတွေကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ကာကွယ်ရေး ၀န်ကြီးဌာနရဲ့  ရေဒီယိုအသံလွှင့် ထုတ်ပြန်ချက်မှာ ရဲတပ်ဖွဲ့  အမှုစစ်ချုပ်ဖြစ်တဲ့ ၀စ်ကရာမာရတ်နီက ပြောဆိုခဲ့ပါတယ်။

“ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကို စီစဉ်ခဲ့သူ၊ တိုက်ခိုက်ခဲ့သူ အားလုံး သေဆုံးသူသေဆုံး၊ အချုပ်ထဲရောက်သူရောက် ဖြစ်သွားခဲ့ပါပြီ ’’ လို့  ၄င်းက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် “ ဗုံးလုပ် ကျွမ်းကျင် အဖွဲ့ ဝင် နှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ကာ နောင်တိုက်ခိုက်မှုတွေအတွက် ၄င်းတို့  သိုလှောင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ကျွန်တော်တို့  သိမ်းဆည်းရမိခဲ့ပါတယ်။ ’’ လို့ လည်း ၄င်းက ဆက်လက်ပြောဆိုပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုတွေကို လူသိနည်းသေးတဲ့ ဒေသတွင်း အစ္စလာမ်မစ်အုပ်စုနှစ်ခု National Tawheed Jamaath(NTJ) နဲ့  Jamathei Millathu Ibrahim(JMI) တို့ က လုပ်ဆောင်ခဲ့တာလို့  သီရိလင်္ကာ အာဏာပိုင်တွေက ယုံကြည်ယူဆထားခဲ့ပါတယ်။ ယင်း ဗုံးခွဲမှုတွေဟာ ၄င်းတို့ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့ ကလည်း ကြေညာထားပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ကာ ကြိုတင်သတိပေးချက်တွေကို အရေးယူဆောင်ရွက်ဖို့  ပျက်ကွက်ခဲ့တာကြောင့် ယခင်ရဲချုပ် ရာထူးရပ်ဆိုင်းခံခဲ့ရအပြီး သမ္မတ မိုင်သရီပါလာ သီရိသနာက မစ္စတာ ၀ီကရာမာရတ်နီကို ရဲချုပ်သစ်အဖြစ် ခန့် အပ်ခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment