Tuesday, May 7, 2019

ဗင်နီဇွဲလားလူထုတော်လှန်ရေး ဘယ်လိုအဆုံးသတ်မလဲ

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်အင်္ဂါနေ့ ညပိုင်းက စိတ်လှုပ်ရှားစရာ ကောင်းတဲ့ Breaking News တစ် ပုဒ် ရုတ်တရက်တက်လာတာ တွေ့လိုက်ရတယ်။ ဘီဘီစီ၊ စီအင်န်အင်န်၊ အယ်လ်ဂျားဇီးယားအပါအဝင် ကမ္ဘာ့ထိပ်တန်း မီဒီယာ အားလုံးကလည်း ဒီ သတင်းကို Breaking News အဖြစ်နဲ့ အဆက်မပြတ် ထုတ်လွှင့်နေရာမှာ လမ်းမကြီးတစ်ခုပေါ် ချီတက်ဆန္ဒပြနေတဲ့ လူစုလူဝေး တွေ၊  အဓိကရုဏ်းနှိမ်နင်းရေး သံချပ်ကာကားတွေနဲ့  ပစ်ခတ် လိုက်တဲ့ မျက်ရည်ယိုဗုံး မီးခိုးငွေ့ တန်းတွေ၊ လက်နက်ကိုင်တပ်ဖွဲ့ တချို့ကို တွေ့မြင်လိုက်ရတယ်။
ဒေါသပေါက်ကွဲနေကြတဲ့ လူစု လူဝေးဟာ လမ်းမကြီးတစ်ခုလုံး ပေါ် ပြည့်နှက်နေသလို ရှေ့ဆက် မတိုးဖို့ တားမြစ်နေတဲ့ သံချပ်ကာ ယာဉ်တွေကိုလည်း ဗီဒီယိုဖိုင်မှာ မြင်နေရတယ်။ တစ်နေရာမှာ တော့ အတိုက်အခံခေါင်းဆောင် တစ်ဦးက စုဝေးနေတဲ့ လူအုပ်ကြီးကို တရားဟောနေပြီး သူ့အနီးမှာသူ့ကို ထောက်ခံနေတဲ့ လက်နက်ကိုင်တချို့ကိုလည်း တွေ့မြင်နေရတယ်။ တွေ့မြင်နေရတဲ့ မြင်ကွင်းဟာ ထိတ်လန့်စရာကောင်း ပြီး အားလုံးသွေးဆူနေကြပုံမျိုး ဖြစ်နေတယ်။ လမ်းပေါ်က လူ အုပ်ကြီးဟာ လက်နက်ကိုင်လုံခြုံရေးတွေကို အကြောက်အလန့် မရှိ စိန်ခေါ်ပြီး ရှေ့တိုးနေတာ တွေ့ရတယ်။
သတင်းဌာနတွေကတော့ ‘ဗင်နီဇွဲလားနိုင်ငံ၌ အာဏာသိမ်း ရန်ကြိုးပမ်းမှု ဖြစ်ပွားနေ’ဆိုပြီး စာတန်းထိုးထားတယ်။ အခြေအနေက အတော့်ကို တင်းမာနေတဲ့ အနေအထားမှာရှိပြီး မကြာခင်မှာ မြို့တော်တစ်ခုလုံးရဲ့ လမ်းမတွေ ပေါ် အစိုးရဆန့်ကျင်ဆန္ဒပြနေတဲ့ လူစုလူဝေးကြီး လွှမ်းမိုးသွားတော့ မယ့် အခြေအနေမျိုးဖြစ်နေတယ်။

လူတချို့က မီးခိုးငွေ့ထွက်နေတဲ့ မျက်ရည်ယိုဗုံးတွေကို ကောက်ယူ ပြီး လုံခြုံရေးတပ်တွေကို ပြန်ပစ်နေသလို တချို့က တားဆီးထား တဲ့နေရာတွေကို ဖြတ်ကျော်ဖို့ ကြိုးစားနေတာတွေ့ရတယ်။ များသောအားဖြင့် လူငယ်၊ လူလတ် ပိုင်းတွေဖြစ်ပြီး အစိုးရအပေါ် ဒေါသထွက်နေတဲ့ အမူအရာ တွေ သူတို့မျက်နှာမှာ မြင်နေရ တယ်။ လူအုပ်ကြီးကြားထဲမှာ အလံဝှေ့ယမ်းကိုင်ဆောင်နေသူ တချို့လည်း တွေ့ရတယ်။ ဒီဖြစ် ရပ်ဟာ ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ် အရှေ့ပိုင်း လေ တပ်စခန်းအနီးမှာ ဖြစ်ပွားနေတာ ဖြစ်ပြီး လမ်းပေါ်ထွက်လာတဲ့ လူအုပ်ကြီးကလည်း မြို့လယ်ကောင်မှာ ပြည့်နေတယ်။ လက်ရှိ အစိုးရသမ္မတ မာဒူရို နုတ်ထွက်ပေးရေး၊ဒီမိုကရေစီရရှိရေး တောင်းဆိုနေ ကြတာဖြစ်တယ်။ ဒီဆန္ဒပြပွဲကြီး ကို ဦးဆောင်သူက အတိုက်အခံခေါင်းဆောင် ဟွန်ဂိုင်ဒိုဖြစ်တယ်။အသက် (၄၀)ဝန်းကျင်လောက် သာရှိသေးတဲ့ ဟွန်ဂိုင်ဒိုဟာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတစ်ဦးဖြစ် ပြီး သူသာလျှင် ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီသမ္မတဖြစ်တယ်လို့ ကြေညာထားသလို သူ့ကို အမေရိကန် အပါအဝင် နိုင်ငံအများအပြားက  ထောက်ခံမှုပေးထားတယ်။

ဧပြီ ၃၀ ရက် အင်္ဂါနေ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲမှာ လူစုလူ  ဝေးနဲ့အတူ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ ပါဝင်လာတာ တွေ့ရ တယ်။ အတိုက်အခံခေါင်းဆောင် ဟွန်ဂိုင်ဒိုက ဗင်နီဇွဲလားပြည်သူ တစ်ရပ်လုံးနဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံး သူနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနေတာ တွေ့ရတယ်။ ကာရာကတ်စ်မြို့တော် လမ်းမပေါ်မှာ စုဝေးအုံကြွနေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ သမ္မတမာဒူရို ပြုတ်ကျရေး တညီတညွတ်တည်းအော်ဟစ်တောင်းဆိုနေ တာတွေ့ရတယ်။ အတိုက်အခံ ခေါင်းဆောင် ဂိုင်ဒိုဘက်ကို လက်နက်ကိုင်တချို့ ပူးပေါင်းလာတာ တွေ့ရလို့ ဒီလူထုအုံကြွမှုနဲ့အတူ  လက်ရှိသမ္မတ မာဒူရိုရဲ့ ကံကြမ္မာ ဟာ အဆုံးသတ်တော့မှာလားလို့  တွေးထင်စရာ ဖြစ်လာတယ်။ အခုလို အရေးအခင်းကြီးတစ်ခု ဖြစ်လာရင် နောက်က ဘေးတီး ပေးတတ်တဲ့ နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ကတော့ ‘သမ္မတ မာဒူရိုဟာ နိုင်ငံကထွက်ပြေးဖို့ လေယာဉ်အသင့်ပြင်ထားပြီ။ မကြာခင် ကျူး ဘားကို ထွက်ပြေးတော့မယ်’ဆိုပြီး ပြောဆိုနေတာလည်း တွေ့ရ တယ်။ တစ်နေရာမှာတော့ ဆန္ဒပြ လူအုပ်ကြီးကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာတွေ၊ လူအုပ်ထဲကို သံချပ်ကာယာဉ်တိုးဝင်သွားတာတွေကို ရုပ်သံထဲမှာ မြင်နေရတယ်။ ရုပ်သံ တွေက ကာရာကတ်စ်မြို့ကနေ တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ် လို့ ကြည့်ရတာ သည်းထိတ်ရင်ဖို  နိုင်လှတယ်။

ဒီမြင်ကွင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၊ ၁၉၈၈ ခုနှစ် ဩဂုတ်၊စက်တင်ဘာလများက ရန်ကုန်မြို့လယ်မှာ ဖြစ်သွားခဲ့တဲ့ ၈၈ ဒီမိုကရေစီ လူထုအုံကြွမှုကို ပြန်ပြီး အမှတ်ရစေခဲ့တယ်။ သမိုင်းတစ်ပတ် လည် (History Repeats Itself)တယ်လို့ မဆိုနိုင်ပေမယ့် မျက်မှောက်ကမ္ဘာ့သမိုင်းမှာ ပုံစံတူအဖြစ်အပျက်တစ်ခု (History Repeated) ထပ်ဖြစ်လာတာ တွေ့ရလို့ အံ့အားသင့်နေမိတယ်။ အခုဗင်နီဇွဲလားမှာ အတိုက်အခံခေါင်း ဆောင် ဂိုင်ဒိုက ဦးဆောင်ပြီး လူထုအုံကြွမှုဖြစ်ခဲ့သလိုမျိုး ၁၉၈၈ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တယ်။ လူစုလူဝေးကြားက ဗင်နီဇွဲလားအလံ ဝါပြာနီကို တွေ့ရတော့ ဒီအလံအရောင်တွေနဲ့ နိုင်ငံတွေက ကျိန်စာသင့်နေ သလားလို့လည်း တွေးမိတယ်။  အစိုးရအပေါ်ဒေါသပေါက်ကွဲလို့  လမ်းပေါ်ထွက်လာကြတဲ့ ဗင်နီဇွဲ လားပြည်သူတွေကလည်း ၁၉၈၈ခုနှစ်တုန်းက မြန်မာပြည်သူတွေ လိုပါပဲ။ အစိုးရပြုတ်ကျရေး၊ သမ္မတဖယ်ရှားရေးအတွက် အား လုံးက လက်သီးလက်မောင်းတန်း ကြွေးကြော် အော်ဟစ်နေတာ တွေ့ရတယ်။

ဒီအခြေအနေဟာ နိုင်ငံတစ်ခုအတွက် စိုးရိမ်စရာအနေအထား ပါ။ တစ်ဖက်က လက်ရှိအစိုးရ အဖြစ် အာဏာကို ချုပ်ကိုင်ထားဆဲဖြစ်ပြီး တစ်ဖက်က ဒီအစိုးရ ဆင်းပေးဖို့ တောင်းဆိုနေတဲ့ လူထုကြီး။ လူထုနောက်မှာ အတိုက်အခံခေါင်းဆောင်နဲ့  အစိုးရကို ပုန်ကန်ခွဲထွက်လာတဲ့ လက်နက်ကိုင် အနည်းအကျဉ်းပဲ ရှိသေးတယ်။ အတိုက်အခံခေါင်းဆောင် ဟွန်ဂိုင်ဒိုကတော့ သူ့ကို အစိုးရတပ်မှူး ကြီးတွေအားလုံးက ထောက်ခံနေ ပြီး တပ်မတော်ခေါင်းဆောင်တွေ  အနေနဲ့ ပြည်သူနဲ့အတူ ဒီတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြပါ လို့ တိုက်တွန်းနေတယ်။ သူတို့ရဲ့လူထုအုံကြွမှုကို OperationFreedom လို့ အမည်ပေးထား တယ်။ လက်ရှိ သမ္မတ မာဒူရိုက တော့ အတိုက်အခံခေါင်းဆောင်  ဂိုင်ဒိုကို နိုင်ငံတော်သစ္စာဖောက် ဖျက် ပုန်ကန်သူလို့ သတ်မှတ်ပြီး  ဖမ်းဝရမ်းထုတ်ထားတယ်။

လက်ရှိ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို စစ်တပ်က ဘယ် လောက်အထိ ထောက်ခံနေသလဲဆိုတာ ရှင်းရှင်းလင်းမသိရသေး ခင်မှာ အမေရိကန်ကတော့ လို အပ်ရင် စစ်ရေးအရပါ ဝင်ရောက်စွက်ဖက်ဖို့ ပြင်ဆင်နေတာလည်း တွေ့ရတယ်။ ဒီအဖြစ်ကလည်း ၁၉၈၈ ခုနှစ် ဦးနေဝင်း၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင် အစိုးရတို့ ရဲ့ နောက်ဆုံးနေ့များနဲ့ ခပ်ဆင်ဆင်တူနေတယ်။ အခုဖြစ်ပေါ်နေ တဲ့ အခြေအနေအရ သမ္မတမာဒူရိုဘက်မှာ ထောက်ခံသူမရှိတော့ ဘူး၊ မာဒူရိုလည်း ကျူးဘားကို  ထွက်ပြေးရတော့မယ့် အခြေအ နေမျိုးလို့ ယူဆရတယ်။ နောက်တစ်နေ့ ညနေမှာတော့ သမ္မတမာဒူရိုဟာ ရုပ်သံကတစ်ဆင့် လူထုရှေ့ရောက်လာတယ်။ သူ့အနား မှာ ခြံရံနေသူတွေက ဗင်နီဇွဲလားစစ်ဗိုလ်ချုပ်ကြီးတွေ၊ စစ်ခေါင်းဆောင်တွေဟာ မာဒူရိုကို အနီး ကပ် ထောက်ခံနေဆဲဖြစ်တာတွေ့  ရတယ်။ ပြည်သူတွေကိုလည်း  ဂိုင်ဒိုရဲ့ လုပ်ရပ်ဟာ အာဏာသိမ်းဖို့ ကြိုးစားတာသက်သက်ဖြစ်ပြီး  သူတို့ရဲ့ ကြိုးပမ်းမှုကို အစိုးရက  နှိမ်နင်းလိုက်နိုင်ပြီလို့ ဆိုတယ်။

အတိုက်အခံခေါင်းဆောင် ဂိုင်ဒိုနဲ့အတူ ပူးပေါင်းလာသူတစ် ဦးက ထင်ရှားတဲ့ နိုင်ငံရေးခေါင်း ဆောင်လိုပက်ဇ်။ သူက နေအိမ်အကျယ်ချုပ်ကျခံနေရာက ဘယ်လိုကဘယ်လို အပြင်ရောက်လာ တယ် မသိဘူး။ လိုပက်ဇ်ရဲ့ ပြောပြချက်အရ သူနဲ့ တပ်မှူးကြီးတွေ တွေ့ဆုံခဲ့ပြီး တပ်မှူးကြီးတွေက သူ့ကို ထောက်ခံတယ်လို့ ဆို တယ်။ ဂိုင်ဒိုက ဗင်နီဇွဲလားအစိုးရ ဝန်ထမ်းတွေအားလုံး သမ္မတဖြုတ်ချရေး အထွေထွေသပိတ်တိုက်ပွဲ မှာ ပါဝင်ဖို့တိုက်တွန်းနေတယ်။ နောက်ရက်တွေမှာ အခြေအနေပိုမိုဆိုးရွားပြီး သွေးထွက်သံယို တွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရတယ်။ နှစ်ရက်အတွင်း လုံခြုံရေး တပ်ဖွဲ့တွေ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူနှစ်ဦး သေဆုံးသွားတယ်။ ဒီဖြစ်စဉ်မှာ အရေးကြီးဆုံးက ‘စစ်တပ်ရဲ့ အခန်းကဏ္ဍ’ပဲ။ ဗင်နီဇွဲ လားစစ်တပ်က လက်ရှိ သမ္မတ  မာဒူရိုကိုပဲ သစ္စာခံမလား၊ အ တိုက်အခံတွေနဲ့ ပူးပေါင်းသွား မလားဆိုတာပဲ။

ပြည်သူလူထုရဲ့ အုံကြွမှု  အထွတ်အထိပ်ရောက်လာတဲ့အ ခါ စစ်တပ်က လူထုဘက်ပါမလာ ဘဲ လက်ရှိအာဏာရ အစိုးရအ ပေါ်ဆက်ပြီး သစ္စာခံသွားတဲ့အ ခါ လူထုတော်လှန်ရေးတွေဟာ သန္ဓေသားလျှောသလိုမျိုး ဖြစ် သွားတတ်တယ်။ ဗင်နီဇွဲလားရဲ့ လက်ရှိအခြေအနေက ခန့်မှန်းရခက်နေတုန်းပဲ။ အတိုက်အခံတွေ က စစ်တပ်ဟာ သူတို့ဘက်ပါလာ ပြီလို့ ယူဆနေပေမယ့် လက်တွေ့ မှာ စစ်တပ်ဟာ လက်ရှိ သမ္မတမာဒူရိုအပေါ်မှာပဲ သစ္စာခံနေတာ တွေ့ရတယ်။

ဧပြီ ၃၀ ရက် ဗင်နီဇွဲလား  လူထုအုံကြွမှုမှာ လက်ရှိသမ္မတ မာဒူရို ရာထူးစွန့်ပြီး နိုင်ငံက ထွက်ပြေးရတော့မယ်လို့ ထင်ခဲ့ကြပေမယ့် မာဒူရိုအနီးမှာ စစ်ခေါင်းဆောင်တွေ မားမားမတ်မတ်ရပ် နေတာတွေ့ရတဲ့အခါ ဒီအုံကြွမှုဟာ တန့်သွားသလို မတင်မကျဖြစ်သွားတယ်။ အတိုက်အခံခေါင်း ဆောင် ဂိုင်ဒိုက ဗိုလ်ချုပ်ကြီးများ  သူ့ဘက်က ထောက်ခံပါဝင်လာဖို့ တိုက်တွန်းခဲ့ပေမယ့် အဲသလိုဖြစ်မလာခဲ့ဘူး။ မျှော်လင့်သလို ဖြစ် မလာတဲ့အခါ လူထုအုံကြွမှုဟာ ခဏငြိမ်သက်သလို ဖြစ်သွား တယ်။ ဇာတ်လမ်းက မဆုံးသေးပါဘူး။ အတိုက်အခံ နိုင်ငံရေးခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ လိုပက်ဇ်ကို  အစိုးရက ဖမ်းဝရမ်းထုတ်ထားပြီး လိုပက်ဇ်ကတော့ ကာရာကတ်စ် မြို့က စပိန်သံရုံးထဲမှာ ခိုအောင်း နေတုန်းပဲ။

ဗင်နီဇွဲလားက အစိုးရဖြုတ် ချရေးလူထုအုံကြွမှုဟာ နောက် ဆုံးမှာ သွေးထွက်သံယိုနဲ့ပဲ အဆုံးသတ်သွားမလား။ ဒီအတိုင်း ပြီး သွားမလား မသိနိုင်သေးပေမယ့်  ပြည်သူလူထုရဲ့ အစိုးရအပေါ် တင်းမာနေမှုကတော့ ဆက်ပြီးကြီးထွားနေဆဲပါ။လက်တင်အမေရိက ကမ္ဘာမှာသူ့ကိုယ်သူ  ဆိုရှယ်လစ် ခေါင်းဆောင်အဖြစ်၊  အမေရိကန်နဲ့ အနောက်အုပ်စုကို   နယ်ချဲ့အရင်းရှင်တွေအဖြစ် ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့တဲ့သမ္မတဟောင်း ချာဗက်ဇ် ကွယ်လွန်ပြီးနောက်ပိုင်း ဒီနေ့ဗင်နီဇွဲလားဟာ ၁၉၈၈ ဝန်းကျင်ကမြန်မာနိုင်ငံရဲ့အနေအ ထားနဲ့ အတော်လေး ဆင်တူနေတာတွေ့ရပါတယ်။ ရေနံကို အမှီသဟဲပြုပြီး ကြွယ်ဝချမ်းသာခဲ့ပေမယ့် လက်ဝဲဝါဒီ ဟူဂိုချာဗက်ဇ်ရဲ့မှားယွင်းတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးစနစ်ကြောင့် ဗင်နီဇွဲလားဟာ ဒီနေ့ ကမ္ဘာပေါ် အဆင်းရဲဆုံး၊ ငွေကြေးဖောင်းပွမှုအများဆုံး၊ လူသတ်မှုအများဆုံး၊ အလုပ်လက်မဲ့အထူ ပြောဆုံးနိုင်ငံအဖြစ် ရောက်ရှိနေပါတယ်။ ဆိုရှယ်လစ်စနစ်ကျင့် သုံးခဲ့တဲ့ ချာဗက်ဇ်ဟာ အဓိက  စီးပွားရေး လုပ်ငန်းအားလုံးကို နိုင်ငံပိုင်ပြုလုပ်ခဲ့ပြီး အခြေခံလူ တန်းစားတွေရဲ့ ထောက်ခံမှုရရှိ အောင်ကြိုးစားခဲ့တယ်။ နောက်ပိုင်းမှာ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုနဲ့အတူ သူ့ရဲ့အခြေမခိုင်တဲ့ စီးပွားရေးစီမံကိန်းတွေ ပျက်စီးပြီးငွေကြေးဖောင်းပွမှု တိုးပွားလာခဲ့တယ်။ ၁၉၉၈ ခုနှစ် အာဏာရရှိ လာချိန်ကစလို့ ကင်ဆာရောဂါနဲ့ မကွယ်လွန်မီ ၂၀၁၃ ခုနှစ်အထိ ဗင်နီဇွဲလားနိုင်ငံကို ဆိုရှယ်လစ်လမ်းစဉ်နဲ့ ချီတက်ခဲ့ရာမှာ ပြည်သူတွေဟာ ဆင်းရဲတွင်းနက်ခဲ့ တယ်။ လက်ရှိ သမ္မတ နီကိုလပ်စ်မာဒူရိုလက်ထက်မှာ စီးပွားရေး အကျပ်အတည်းပိုမို ဆိုးရွားလာခဲ့ပြီးလူထုမကျေနပ်မှုတွေကြီးထွား လာကာ ၂၀၁၄ ခုနှစ်ကစပြီး ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာခဲ့ တယ်။ မာဒူရိုဟာ ချာဗက်ဇ်ကိုဆက်ခံခဲတဲ့ ဆိုရှယ်လစ်ဝါဒီတစ် ဦးဖြစ်ပြီး သူ့ရဲ့ ရွေးကောက်ပွဲအနိုင်ရမှုမှာ အငြင်းပွားဖွယ်ရာတွေ ရှိခဲ့တယ်။ ဒီနေ့ ဗင်နီဇွဲလားနိုင်ငံရဲ့  ငွေကြေးဖောင်းပွမှုဟာ ရာခိုင်နှုန်း  တစ်သန်းရှိတယ်လို့ ဆိုတယ်။ ဆင်းရဲငတ်မွတ်မှုကြောင့် နိုင်ငံ့လူဦးရေရဲ့ ဆယ်ပုံတစ်ပုံ ပြည်ပနိုင်ငံများကို ပြောင်းရွှေ့သွားကြ ပြီဖြစ်တယ်။ အတိုက်အခံခေါင်း ဆောင်တွေကတော့ အာဏာကို  မတရားရယူထားတဲ့ မာဒူရို နုတ်ထွက်ပေးဖို့ လူထုတစ်ရပ်လုံးနဲ့ အတူ လမ်းပေါ်ထွက် တောင်းဆိုနေပြီဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ကြီးများရဲ့ ထောက်ခံမှု  ရရှိထားတဲ့ မာဒူရိုအနေနဲ့ အာဏာကို ဘယ်လောက်အထိ တောင့်ခံရ ယူထားဦးမလဲ ဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်

No comments:

Post a Comment