Tuesday, May 7, 2019

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအဆင့် အကြီးအကဲ မြန်မာနိုင်ငံသို့လာရောက်မည်

Image may contain: 1 person, sitting, table and indoorကုလသမဂ္ဂ လူသားချင်းစာနာမှုအရေးကိစ္စများဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာသည် မြန်မာနိုင်ငံသို့ မေလ(၉)ရက်မှ (၁၅)ရက်များအတွင်း လာရောက်မည်ဖြစ်ကြောင်းသိရသည်။ မစ္စအာရ်ဆူလာမြူလာသည် အာဆီယံနှင့် ကုလသမဂ္ဂ အဖွဲ့များ၏ အမြဲတမ်း ကိုယ်စားလှယ်များနှင့် စီမံခန့်ခွဲမှုဆိုင်ရာအမြဲတမ်းအတွင်းဝန်ဌာန ကော်မတီမှ ကျင်းပဆောင်ရွက်သည့် ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံ သို့ လာရောက်မည်ဖြစ်သည်။



လူသားချင်းစာနာမှုအရေးကိစ္စများဆိုင်ရာ ကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူး အဖြစ်ဖြင့် မစ္စမြူလာ မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ်လာရောက်သည့် ခရီးစဉ်၏ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ လူသားချင်းစာနာမှု အကူအညီလို အပ်သည့်အခြေအနေများ၊ ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခ၏ သက်ရောက်မှု အခြေအနေများကို ကိုယ်တိုင်တွေ့မြင်၊ သိရှိနိုင်ရန်နှင့် အဆိုပါပြည်နယ်များတွင် နေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာ တိမ်းရှောင်သူများနှင့် ထိခိုက်လွယ်သည့် အခြေအနေရှိသူများအတွက် ရေရှည် တည့်တံ့သော ဖြေရှင်းမှုနည်းလမ်းများနှင့် စပ်လျဉ်းပြီး ဆွေးနွေးရန်အတွက်ဖြစ်ကြောင်း၊ မစ္စမြူလာအနေဖြင့် မိတ်ဖက်လက်တွဲ လုပ်ဆောင် လျက်ရှိသူများနှင့် တွေ့ဆုံသည့်အစည်းအဝေးများတွင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို တိုးတက်စေမည့်နည်းလမ်းများနှင့် အဆိုပါလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မည်သို့ချိတ်ဆက်ဆောင်ရွက်မည် အစရှိသည် တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂမှသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုအရေးကိစ္စများဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာသည် မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်အတွင်းတွင် လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခအခြေအနေများကြောင့် ထိခိုက်ခံစားရသော ပြည်သူများနှင့်လည်းကောင်း၊ အစိုးရထိပ်ပိုင်းအရာရှိများ၊ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်းကောင်း တွေ့ဆုံသွားရန်မျှော်လင့်ပြီး၊ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ပြုလုပ်မည့် အစည်းအဝေးများလည်း ပါဝင်မည်ဖြစ်ကာ၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ နေရပ်စွန့်ခွာ တိမ်းရှောင်သူစခန်းများသို့လည်း သွားရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂမှသတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment