Tuesday, May 7, 2019

ရိုက်တာသတင်းထောက်နှစ်ဦး ပြန်လွတ်လာမှု ကုလ၊ အမေရိကန်သံရုံး၊ ဗြိတိန် သံရုံး ကြိုဆိုကြောင်းထုတ်ပြန်။

မြန်မာနိုင်ငံမှာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်မှုနဲ့ ထောင်ချခံထားရတဲ့ ရိုက်တာသတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးတို့ ပြန်လွတ်လာမှုကို မြန်မာနိုင်ငံမှာ ရှိတဲ့ ကုလသမဂ္ဂရုံးက ကြိုဆိုလိုက်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေနဲ့ လူသားချင်းစာနာမှု ညှိနှိုင်းဆောင်ရွက်ရေးရုံးရဲ့ မေလ(၇)ရက် ထုတ်ပြန်ချက်ထဲမှာ အဲဒီလို ဖော်ပြထားတာဖြစ်ပါတယ်။



အခုလို ရိုက်တာသတင်းထောက်နှစ်ဦးကို မြန်မာအာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်တာဟာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့်အတန်းကို မြှင့်တင်ပေးလိုက်တာဖြစ်ပြီး၊ အစိုးရရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကတိက၀တ်တွေကိုလည်း ဖော်ဆောင်ပြသလိုက်တဲ့ သဘောဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ထောက်ခံကူညီပေးသွားဖို့ ကုလသမဂ္ဂအနေနဲ့ အသင့်ရှိနေမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို လွတ်ငြိမ်းခွင့်ပေးမှုနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံး နဲ့ အမေရိကန် သံရုံးတို့ကလည်း ကြိုဆိုကြောင်း ကြေငြာချက် အသီးသီး ထုတ်ပြန်ထားပါတယ်။

No comments:

Post a Comment