Tuesday, May 7, 2019

နိုင်ငံတော်သမ္မတ၏ တနသာင်္ရီတိုင်းခရီးစဉ် အကျိုးရလဒ်များစွာရှိတယ်လို့ လွှတ်တော်အမတ်သုံးသပ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ တနင်္သာရီတိုင်းခရီးစဉ်ဟာ တိုင်းဒေသကြီးအတွက် အကျိုးရလဒ်တွေရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်က သုံးသပ်ပြောဆိုပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ပထမဆုံး တနင်္သာရီတိုင်းခရီးစဉ်ကို မေ(၃)ရက်မှာ ထားဝယ်မြို့ကနေ စတင်ခဲ့တာဖြစ်ပါတယ်။



"ကျွန်တော်တို့ အတွက်တော့ အများကြီးထူးတယ်လို့ ပြောလို့ရပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီးလည်း ဘာတွေရှိတယ်၊ ဘယ်လိုမျိုးလုပ်ရမလဲ။ ပြည်တောင်စုဆိုတာ ခေါင်းပိုင်းလိုပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရ တွေဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဖြစ်တယ်ဆိုတာ ပြောသွားတယ်။

ဒါ့အပြင် လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝင့်ဝင့်လုပ်ဖို့ကိုလည်း ပြောသွားပါတယ်။ လွှတ်တော်အခန်းကဏ္ဍတွေကိုလည်း ဆွေးနွေး သွားတယ်။ ကျွန်တော်တို့ အတွက်လည်း အများကြီး အကျိုးရှိပါတယ်" လို့ နိုင်ငံတော်သမ္မတရဲ့ တနသာင်္ရီတိုင်းခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးရဲမြင့်က ပြောပါတယ်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတက တနင်္သာရီတိုင်းဒေသကြီးရဲ့ တင်ဒါလုပ်ထုံးလုပ်နည်းတွေကို လေးလေး နက်နက် ပြောကြားခဲ့သလို လယ်ယာမြေပြသနာတွေကိုလည်း မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဦးရဲမြင့်ကပြောပါတယ်။

"ဘာပဲလုပ်လုပ် ဗဟိုအစိုးရ ဆိုတာမျိုးမဟုတ်ပဲ လုပ်ငန်းတွေကို စစ်ဆေးဖို့ကို တိုက်တွန်းသွားတယ်။ လယ်ယာမြေကိစ္စတွေမှာလည်း ဒီဘက်က စစ်ဆေးပြီးသွားလို့ ဗဟိုမှာ စီမံခန့်ခွဲတာတွေ ကြာတာတွေ လည်းရှိနိုင်တယ်။ အဲလိုကိစ္စတွေမှာ ဗဟိုကို သက်ဆိုင်ရာဝန်ကြီး ကိုယ်တိုင်လိုက်လံစုံစမ်းတာတွေ အမြဲလုပ်နေဖို့ လိုတယ်ဆိုပြီး နိုင်ငံတော်သမ္မတက ဝန်ကြီးတွေကို ပြောသွားပါတယ်”လို့ ဦးရဲမြင့်က ပြောပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီးရဲ့ ခရီးသွားကဏ္ဍမှာပါဝင်နေတဲ့ ကျွန်းတွေကို လုပ်ပိုင်ခွင့်ချပေးရာမှာလည်း သဘာဝအရင်းအမြစ်တွေကို မပျက်စီးစေဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်သမ္မတရဲ့ တနင်္သာရီတိုင်းခရီးစဉ်အတွင်း ပြည်သူတွေက တိုင်ကြားစာ (၂၄)စောင် ပေးခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment