Tuesday, May 7, 2019

ဒီကနေ့ လွတ်ငြိမ်းသက်သာခွင့်မှာ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လဲ လွတ်မြောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၁၆ / ၂၀၁၉ နဲ့ အကျဉ်းသား အကျဉ်းသူ ၆၅၂၀ ဦးကို ဒီကနေ့ လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ ထောင်ဒဏ်(၇)နှစ် အပြစ်ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးလဲ လွတ်မြောက်လာတယ်လို့သိရပါတယ်။



ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦးဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလအတွင်းက ဖမ်းဆီးကာ တရားရုံးတင် စစ်ဆေးခဲ့ပြီးနောက် ၂၀၁၈ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်တရားရုံးက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ၃(၁)(ဂ)နဲ့ ထောင်ဒဏ် ၇နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ၂၀၁၉ ခုနှစ်အတွက် ပူလစ်ဇာဆုချီးမြှင့်ရေးအဖွဲ့ကချီးမြှင့်တဲ့ International Reporting ပူလစ်ဇာဆုရရှိခဲ့သလို၊ ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ဗံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)က ချီးမြှင့်တဲ့ UNESCO/Guillermo Cano Press Freedom Prize သတင်းလွတ်လပ်ခွင့်ဆုကိုလဲ ရရှိထားပြီး၊ ၂၀၁၈ခုနှစ်အတွက် Aubuchon သတင်းလွတ်လပ်ခွင့်ဆုနဲ့ PEN America ကချီးမြှင့်တဲ့ ၂၀၁၈ ခုနှစ်အတွက် PEN/ Barbey Freedom to Write ဆုတွေကိုလဲ ရရှိထားကြပါတယ်။

ဒီနှစ်အတွင်း လွတ်ငြိမ်းသက်သာခွင့်တွေပေးခဲ့ရာမှာ ဧပြီလ ၁၇ရက်နေ့က အကျဉ်းသူ အကျဉ်းသား ၉၅၃၅ဦး၊ ဧပြီ ၂၆ ရက်က အကျဉ်းသား အကျဉ်းသူ ၆၉၄၈ ဦးနဲ့ အခု ဒီနေ့မှာတော့ ၆၅၂၀ဦးကိုလွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာဖြစ်ပါတယ်။ စုစုပေါင်း ၂၃၀၀၃ ဦးရှိခဲ့ပြီဖြစ်ပါတယ်။

No comments:

Post a Comment