Tuesday, May 7, 2019

ယခုနှစ် နွေရာသီ ပူပြင်းသဖြင့် အင်းလေးကန်တွင် ရေခန်းခြောက်ခြင်းများ စတင်ကြုံတွေ့လာ

အင်းလေးကန်ရှိ ကျေးရွာတစ်ရွာတွင် ရေခန်းခြောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- စည်သာ)ရှမ်းပြည်နယ်တောင်ပိုင်း  ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် ယခုနှစ် နွေရာသီ အစောပိုင်း မေလ ပထမပတ်တွင် ရေခန်းခြောက်မှုဖြင့် စတင်ကြုံတွေ့လာရကြောင်း ဒေသခံများထံမှ မေ ၆ ရက်တွင် သိရသည်။ အင်းလေးကန် ဖောင်တော်ဦးဘုရား တောင်ဘက်၊ အရှေ့ဘက်နှင့် ရွာမ၊ ကေလာ၊ ဇရပ်ကြီး၊ အင်းခြံတို့တွင် ရေနည်းနေကာ သွားလာရေး ခက်ခဲနေပြီး ဖောင်တော်ဦးဘုရား ဈေးတောင်ဘက်ရှိ အင်းတိန်ချောင်းတွင် ရေအနည်းငယ်သာ ကျန်တော့ကြောင်း၊ မိုးမရွာလျှင် နောက်ထပ် ၁၅ ရက်ခန့်ကြာလျှင် ခန်းခြောက်မည် ဖြစ်ကြောင်း၊ အင်းလေး ဟဲယာရွာမတွင် ရေခန်းခြောက်သဖြင့် အချို့နေရာများတွင် ကုန်းမြင့်များ သောင်ထွန်းလျက်ရှိကြောင်း စက်လှေဆရာများက ပြောကြားသည်။


“အခု နွေရာသီ ပူပြင်းလာတော့ အင်းလေးကန်မှာ ရေတွေ ခန်းခြောက်လာတယ်။ သွားရေး လာရေး ခက်ခဲတယ်။ အင်းတိန်ချောင်းမကြီးတောင် ရေခန်းနေပြီ။ ဒီပုံစံအတိုင်း မိုးမရွာဘူး ဆိုရင်တော့ နောက်ထပ် ၁၅ ရက်လောက်ဆိုရင် လုံးဝ ခန်းခြောက်သွားနိုင်တယ်။ ရွာမ ရေပေါ်ဈေးနဲ့ အင်းခြံ၊ ကေလာဘက်တွေ ဇရပ်ကြီးဘက်တွေ ခက်ခဲလာနိုင်တယ်။ ဒီထက် ရေပိုကျသွားမယ်ဆိုရင် သွားလာရပိုပြီး ခက်ခဲလာနိုင်တယ်”ဟု မိုင်းသောက် ဒေသခံ ကိုဝင်းနိုင်က ပြောကြားသည်။


ယခုနှစ်တွင် ရှမ်းပြည်နယ်သည် ပူပြင်းလာပြီး ရှမ်းတောင် လွိုင်လင်မြို့သည်  မေ ၁ ရက်တွင် အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်ခဲ့ပြီး ၃၆ ဒသမ ၁ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ကြောင်း၊ စခန်းဖွင့်ခဲ့သည့် နှစ်ပေါင်း ၅၃ နှစ်တွင် ထူးခြားစွာ အပူချိန် စံချိန်သစ် တင်ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ မေ ၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အင်းလေးကန်သည် ယခင်က ဇလုံပုံစံဖြစ်ခဲ့သော်လည်း ယခုအခါ ပန်းကန်ပြားပုံစံ ဖြစ်လာနေသဖြင့် အင်းလေးကန် အလယ်ရှိ နုန်းများ ဆယ်ထုတ်ပစ်ရမည် ဖြစ်ကြောင်း၊ ချောင်းမြောင်းများတွင် နုန်းဆယ်နေရုံနှင့် ထူးခြားမည် မဟုတ်ကြောင်း အင်းလေးဒေသခံ ဦးစိုးမြင့်သောင်းက ပြောကြားသည်။

“ဒီနှစ် အပူချိန်များတယ်။ အခုမကျသေးဘူး။ ကျလာရင် အရင်ထက် ပိုဆိုးမယ်။ ဘာလို့ဆို နုန်းတွေ နေရာတိုင်း ပြည့်တက်လာတယ်။ အင်းလေးထဲက နုန်းတွေ ဆယ်မှမဆယ်ဘဲ။ အင်းလေးကန်တွင်းက နုန်းတွေ ဆယ်မှ ရမယ်။ ချောင်းတွေ မြောင်းတွေက နုန်းတွေ ဆယ်လို့ ဘာမှ ထူးလာမှာ မဟုတ်ဘူး။ အရင်က ဒယ်အိုးသဏ္ဌာန် ဖြစ်နေတယ်။ ပိုလျှံမှ စီးဆင်းတယ်။ အခုက ပန်းကန်ပြား ဖြစ်နေတယ်။ နှစ်ပေါင်း ၂၀ လောက်က အင်းလေးကန်မှာ မရှိဘူးဆိုရင် ပေ ၂၀ ပတ်ဝန်းကျင် လောက်ရှိတယ်။ အခုက အင်းရေပြင်မှာ နက်တယ် ဆိုတဲ့ နေရာတောင် ရှစ်ပေလောက် ရှိတယ်။ နုန်းစုပ်စက်တွေက အဓိကနေရာ မလုပ်ဘဲနဲ့ ချောင်းတွေ၊ မြောင်းတွေ ဆယ်နေလို့။ ချောင်းနား ဆယ်တာလောက် ခဏပဲလေ။ ဒီနေ့ကောင်း မနက်ဖြန်ပြန် ဖြစ်မှာပဲ။ အင်းလယ်မှာ လုပ်ရမယ်။ မိုးတွင်းကျတဲ့ ရေတွေဆိုရင် ချောင်းလက်တက်တွေထဲ ဝင်ပြီးတော့ တင်နေမှာပဲလေ”ဟု စက်လှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌဌ ဦးစိုးမြင့်သောင်း က ပြောကြားသည်။

အင်းလေးကန် ဖောင်တော်ဦးဘုရားသို့ ဘုရားဖူး ပြည်သူများသည် သီတင်းကျွတ်နှင့် တန်ခူးလတို့တွင် အများအပြား လာရောက် လည်ပတ်ကြကြောင်း၊ တန်ဆောင်မုန်းတွင် ဖောင်တော်ဦးဘုရား ဆွမ်းဆန်စိမ်း လောင်းလှူပွဲတော်အတွက် သံဃာတော် ၃၀ဝ၀ ကျော် ဆွမ်းခံကြွသဖြင့် ဧည့်သည် အများအပြား စည်ကားလေ့ ရှိကြောင်း၊ ယခုရက်ပိုင်း ရေနည်းချိန်တွင် ဘုရားဖူးဧည့်သည် နည်းပါးကြောင်း သိရသည်။

အင်းလေးကန်တွင်းသို့ အဓိက ချောင်းကြီး လေးခု စီးဝင်ကြပြီး ချောင်းလက်တက် ၂၉ ခုရှိကာ အချို့ချောင်းသွယ်များမှာ မိုးရာသီမှာပင် စီးဆင်းပြီး နွေရာသီတွင် ခန်းခြောက်သွားကြောင်း၊ ယခုအခါ ချောင်းလက်တက် ငယ်များတွင်လည်း ရေနည်းပါးခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့တွင် ဆိုးရွားစွာ ရေခန်းခြောက်ခဲ့ခြင်းကြောင့် အင်းလေးကန်တွင်း သွားလာ မရသော ရွာပေါင်းများစွာ ရှိပြီး ရေခန်းခြောက်ခြင်းကြောင့် ကုန်းခေါင်ခေါင် ဖြစ်ခဲ့ကာ ဖောင်တော်ဦးဘုရားနှင့် ဟဲယာရွာမ ကဲ့သို့သော ရွာလယ် လမ်းမကြီးများတွင် သွားရေးလာရေး ခက်ခဲမှုများ ကြုံတွေ့ခဲ့ရသဖြင့် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် အင်းလေးကန်အတွင်း လက်ရိုက်ဆည် ၁၂ ခု၊ ကိုယ်ထူကိုယ်ထ အင်းလေးကန်အတွင်း ရေလမ်းဖောက်ခဲ့မှု ၁၀ ရွာခန့် (၁၀ မိုင်) ကျော် လမ်းဖောက်ခဲ့ကြောင်း ゞင်းက ပြောကြားသည်။

ညောင်ရွှေမြို့နယ်တွင် ကျေးရွာပေါင်း ၄၄၅ ရွာ၊ ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ရေပေါ်ကျေးရွာ ၂၂၀ ကျော်၊ လူဦးရေပေါင်း တစ်သိန်း ရှစ်သောင်းခန့် နေထိုင်ကြောင်း သိရသည်။     

No comments:

Post a Comment