Friday, June 28, 2019

မြောက်ကိုရီးယားနယ်စပ် အန္တရာယ်အကြီးဆုံးနေရာတွင် တောင်ကိုရီးယားက 5 G ဝန်ဆောင်မှု စတင်

ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသော ကမ္ဘာ့လက်နက်အထူထပ်ဆုံး နေရာတစ်ခုဖြစ်သည့် စစ်မဲ့ဇုန်မှ ကျေးရွာတစ်ရွာတွင် 5 G ဝန်ဆောင်မှုကို စတင်ခဲ့ကြောင်း တောင်ကိုရီးယား မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း KTCorp က ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ နှစ်မိုင်ခွဲအနံရှိသော စစ်မဲ့ဇုန် DMZ မှ တောင်ကိုရီးယားကျေးရွာ တေဆန်တွင် 5 G ဝန်ဆောင်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း KT က ပြောကြားခဲ့သည်။ 

အထီးကျန်မြောက်ကိုရီးယားနှင့် သာယာကြွယ်ဝသော တောင်ကိုရီးယားတို့သည်  ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ဖြင့် အဆုံးသတ်ထားပြီး စစ်ပွဲကို တရားဝင်မရပ်ဆိုင်းရသေးပေ။ နှစ်နိုင်ငံကြားမှ စစ်မဲ့ဇုန်သည် ကမ္ဘာတွင် အန္တရာယ်အကြီးဆုံးနေရာတစ်ခုဟု အမေရိကန်သမ္မတဟောင်း ဘီကလင်တန်က ပြောကြားခဲ့ဖူးသည်။

5 G နည်းပညာသစ်ကြောင့် ရွာသူရွာသားများသည် အွန်လိုင်းဝန်ဆောင်မှုများကို  အကောင်းဆုံးအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း KT က ပြောကြားခဲ့သည်။
စစ်မဲ့ဇုန်မှ ရွာသူရွာသားများသည် လယ်ထဲ၌ အလုပ်လုပ်ရန် လိုအပ်ခဲ့ပါက တောင်ကိုရီးယားစစ်တပ်မှ လိုက်လံစောင့်ရှောက်ပေးရပြီး ယခုအခါ 5 G ရပြီဖြစ်သောကြောင့် အဝေးမှနေ၍ ထိန်းချုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း KT က ပြောကြားခဲ့သည်။ လက်နက်ကိုင်စစ်သားများ စောင့်ကြပ်သည့်နယ်စပ်မှ ၄၀ဝ မီတာအကွာတွင်နေထိုင်သော ရွာသူရွာသား ၂၀ဝ ခန့်သည် စစ်တပ်အစောင့်အရှောက်မပါဘဲ နေအိမ်မှ မထွက်ခွာနိုင်ကြပေ။

5 G အခြေစိုက်စခန်းများမှ ထုတ်လွှတ်သော အချက်ပြမှုများသည် နယ်စပ်ကို ကျော်လွန်ဖြတ်သန်းမှု မရှိစေရန်အတွက် တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက စမ်းသပ်ခဲ့ပြီဖြစ်ကြောင်း KT မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ KT သည် ယခင်က အစိုးရပိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး ကိုရီးယားနှစ်နိုင်ငံကြားမှ အရေးပေါ်ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းများ၊ နယ်စပ်မြောက်ဘက်ရှိ ပူးတွဲစက်မှုဇုန်မှ ကြိုးဖုန်းလိုင်းကွန်ရက်များကို လည်ပတ်လုပ်ကိုင်နေသည်။

တောင်ကိုရီးယားသည် 5 G ကို ဈေးကွက်မြှင့်ရန် ကြိုးပမ်းနေပြီး နိုင်ငံတစ်ဝန်းလုံးသို့ ကွန်ရက်ချဲ့ထွင်နေသည်။ ထိုနည်းပညာသည် စမတ်စီးတီးနှင့် မောင်းသူမဲ့ကားများကဲ့သို့သော ကဏ္ဍဍများတွင် ပြောင်မြောက်သည့် တိုးတက်မှုများကို ဖြစ်ထွန်းစေမည်ဟု မျှော်လင့်ထားသည်။ 4 G ကွန်ရက်များထက် အဆ ၂၀ ကျော်ပိုမြန်သော 5 G ကြောင့် AI နှင့် VR ကဲ့သို့ နည်းပညာများကို အထောက်အပံ့ပို၍ ပေးနိုင်မည်ဖြစ်သည်။

နယ်စပ်ကျေးရွာအတွင်းမှ ကျောင်းတွင်မူ ကွန်ရက်အမြန်နှုန်း နှေးကွေးနိုင်ကြောင်း ထိုကျောင်းကို ကျည်ကာစေရန်အတွက် အကာအကွယ် အထူအထပ်ချထားသောကြောင့် ကွန်ရက်အမြန်နှုန်း ကျဆင်းခြင်းဖြစ်ကြောင်း KT က ပြောကြားခဲ့သည်။

အကန့်အသတ်များနှင့် တင်းမာမှုပြင်း ထန်သည့်ရွာတွင် 5 G ကွန်ရက်ရောက်ရှိလာမှုကြောင့် ကောင်းမွန်သော ဟုတ်ယောင်ထင် ဘဝတစ်ခုရရှိနိုင်မည်ဟု ကျေးရွာဥက္ကဋ္ဌဌ ကင်ဒေါင်ဂူးက ကြိုဆိုပြောကြားခဲ့သည်။

No comments:

Post a Comment